"တပ်သားသစ်ရရှိရေး အဓမ္မမစ်ရှင်နဲ့ စစ်ကောင်စီရဲ့ သန်းခေါင်ယံလူဖမ်းပွဲ" (ဆောင်းပါး)

"တပ်သားသစ်ရရှိရေး အဓမ္မမစ်ရှင်နဲ့ စစ်ကောင်စီရဲ့ သန်းခေါင်ယံလူဖမ်းပွဲ" (ဆောင်းပါး)

ညသန်းခေါင်ယံအချိန် တိတ်ဆိတ်နေသော မြို့ပေါ်ရပ်ကွက်အတွင်း ခွေးဟောင်သံများနှင့် ကားဘရိတ်အုပ်သံတို့ တပြိုင်တည်းလို ပေါ်လာသည်။ မီးပြတ်နေသော်လည်း လူတစု၏ ဓါတ်မီးရောင်များကြောင့် မြင်ကွင်းတို့က မထင်ရှား။ သို့သော် သေနတ်လွယ်ထားသည့် စစ်သား၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လူတချို့ပါဝင်မှန်း သိလိုက်ကြသည်။

“ဒီအိမ်ပဲ” ဆိုသည့် လူတဦး၏ ပြောစကားနှင့်အတူ အိမ်ခြံတံခါးကို ခပ်ကြမ်းကြမ်းတွန်းခေါက်ကာ အိမ်ရှင်တွေကို အော်ခေါ်ကြတော့သည်။ ဝရုန်းသုန်းကားအခြေအနေဖြင့် နာရီဝက်ခန့်ပင်မကြာသောအချိန်မှာ အိမ်ထဲက လူငယ်တဦးကို နှစ်ဖက်ညှပ်ကာ ခေါ်ထုတ်လာပြီး ကားပေါ်တင်ကာ မောင်းထွက်သွားကြတော့သည်။ ဝင်ရောက်သွားသော အိမ်ထဲမှာ အော်ဟစ်ငိုယိုသံများနှင့် ကျန်ခဲ့သည်။ 

ရပ်ကွက်ရှိ အိမ်တွေထဲက လူတွေကတော့ မီးမှောင်မှောင်ထဲ ချောင်းကြည့်ကြရင်း သက်ပြင်းကိုယ်စီချလိုက်ရသည်။ အိမ်အပြင်ကိုတော့ ဘယ်သူမှ ထွက်မလာရဲကြပါ။ ညသည် ပြန်လည်တိတ်ဆိတ်သွားသည်။

ထိုဖြစ်စဉ်သည် မေလ ၂၉ ရက်နေ့ညက ပြည်မြို့နယ်အတွင်း ဖြစ်ပွားသွားခြင်း ဖြစ်သည်။ အဆိုပါမြို့နယ်ထဲမှ တညထဲမှာပင် ရပ်ကွက်အချို့က လူငယ် ၅ ဦးထက်မနည်းဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။

“နာမည်စာရင်းတွေကတော့ ကြိုထွက်ပြီးသားတွေ။ သူတို့က မရှောင်ကြတာဖြစ်မယ်။ သူတို့အိမ်တွေကိုပဲ တန်းလာပြီး ဝင်ဆွဲတာ။ အိမ်တွေနဲ့လူတွေကို ဖမ်းမယ့်အဖွဲ့ကို ပြောထားတဲ့သဘောမှာရှိတယ်။ ကျန်အိမ်တွေကို ဝင်သွားတာမျိုးမရှိဘူး” ဟု ဖမ်းဆီးခံရသည် ညက အခြေအနေကို ရပ်ကွက်အတွင်းနေထိုင်သူတဦးက ပြန်ပြောပြသည်။ 

အလားတူ တပြိုင်တည်းမှာလည်း ပန်းတောင်းမြို့နယ်ထဲမှ ပုသိမ်-မုံရွာလမ်း ဥသျှစ်ပင်လမ်းဆုံနှင့် ဂိတ်များမှာလည်း လူငယ်တွေကို စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်တာကို ခံနေကြရကြောင်း မြို့ခံများဆီက သိရသည်။ 

ထို့အပြင် မေလထဲမှာပဲ နံနက်ခင်းလင်းအားကြီးအချိန် ထွန်ယက်ရန် ယာတောသို့ နွားလှည်းဖြင့်သွားကြသည့် ရေနံချောင်းမြို့နယ်ထဲမှ ရွာသားများကို စစ်မှုထမ်းရန်အတွက်ဆိုကာ စစ်ကောင်စီစစ်သားများက အဓမ္မခေါ်ဆောင်ထားလိုက်သည်။ လှည်းကိုတော့ လာလမ်းအတိုင်း ပြန်မောင်းလွှတ်လိုက် ကြသည်။

“တခါမှ မကြုံဖူးပါဘူးဗျာ၊ ဒီဘက်တွေမှာ တိုက်ပွဲလည်းမရှိဘူး။ အဲဒါကို ရွာတွေထဲကို သေနတ်တွေ ဖောက်ဝင်တယ်။ စစ်မှုထမ်းဖို့ခေါ်တယ်။ ရွာမှာမအိပ်ရဲလို့ ယာတဲသွားအိပ်တော့လည်း အန္တရာယ်က ကြောက်ရတာပဲ။ အခုက ယာထဲကိုအလုပ်သွားလုပ်တာကို ဖမ်းခေါ်ထားလိုက်တာကတော့ အတော်ကိုလွန်တယ်” ဟု ရေနံချောင်းမြို့နယ်ထဲက ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အောင်လံမြို့နယ်ထဲမှာလည်း မေလအတွင်း တပ်သားသစ် စုဆောင်းမှုအတွက် ဖမ်းဆီးခံရသူများ ရှိနေသည်။ ယင်းအပြင် ဧပြီလမှစတင်ပြီး မကွေး၊ ပွင့်ဖြူ၊ မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်များ ပဲခူးတိုင်းအတွင်းက တောင်ငူ၊ အုတ်ဖို၊ သာယာဝတီ၊ လက်ပံတန်းနှင့် တခြားမြို့နယ်ကျေးရွာများစွာ တွင်လည်း ပုံစံတူဖြစ်စဉ်မျိုးများစွာ ဖြစ်ပွားလျှက်ရှိကြောင်းကို သတင်းမီဒီယာများတွင် နေ့စဉ်ရေးသား ဖော်ပြကြသည်။

“ကျနော်က တဦးတည်းသောသား။ ကျနော်က ရှောင်နေတော့ အခု အိမ်က အဖေနဲ့အမေကို ပြဿနာရှာနေတယ်။ ကျနော်လည်း ပြန်ရမှာလား နေရမလား။ အဖေနဲ့အမေကိုလည်း သနားတယ်။ သူတို့အောက်မှာလည်း စစ်မှုမထမ်းချင်ဘူး၊” ဟု သာယာဝတီခရိုင်အတွင်းက အမျိုးသားတဦးက သူရှောင်တိမ်းနေရသည့် အခြေအနေကို ပြောသည်။

သူရှောင်တိမ်းနေရသည်မှာလည်း ဧပြီလကုန်ကတည်းကဖြစ်ပြီး ကျန်ရစ်သည့်မိဘများကို ဖိအားပေးကာ ပြန်ခေါ်ခိုင်းနေခြင်းကိုလည်း ခံနေရသည်။

စစ်ခေါင်းဆောင်တဦးဖြစ်သူ ဦးသန်းရွှေ၏ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့်ပြဌာန်းခဲ့သော စစ်မှုထမ်းဥပဒေကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုပြဌာန်း လိုက်သည်။

စစ်အာဏာသိမ်းပြီး‌နောက် စစ်ကောင်စီသည် နိုင်ငံအနှံ့မှာ စစ်မျက်နှာဖွင့်လာရပြီး သေဆုံး၊ ထွက်ပြေး၊ ဘက်ပြောင်းမှု များပြားနေသော တပ်သားအင်အားအတွက် ထပ်မံဖြည့်ဆည်းဖို့ အပူတပြင်းစဉ်းစားလာရချိန်တွင် လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် ခေါ်ယူဖို့အတွက် ပြည့်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ယင်းနောက် ရှေ့နောက်မညီသော ပြောစကားများနှင့်အတူ တပ်သားသစ်များကို အဓမ္မစုဆောင်းကာ မြန်မာနိုင်ငံ၏ အခါကြီးရက်ကြီး နှစ်ကူး သင်္ကြန်ပွဲတော်မတိုင်ခင် ဧပြီလ ၈ ရက်နေ့မှာ အပတ်စဉ် ၁ စစ်သင်တန်းအား တက်သုတ်ရိုက်ကာ ဖွင့်လှစ်ခဲ့သည်။

အပတ်စဉ် ၁ အတွက် သင်တန်းသား ၅၀၀၀ ကို မဲစနစ်ဖြင့်ခေါ်ယူခဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့သော်လည်း အပတ်စဉ် ၂ အတွက်တပ်သားသစ် စုဆောင်းရာမှာတော့ စစ်ကောင်စီအခက်တွေ့ခဲ့သည်။ 

စာရင်းပေါက်ထားသူအချို့ ရှောင်တိမ်းခဲ့ကြသလို တချို့ကလည်း မိမိမပါရေးအတွက် အုပ်ချုပ်ရေးမှူးကို ငွေပေးတာကအစ နည်းလမ်းပေါင်းစုံကို သုံးကာ ဖြေရှင်းခဲ့ကြသည်။

ထို့ကြောင့် နာမည်ပေါက်ရှိထားသူများကို တပ်သားသစ်အဖြစ် လိုက်ရန် နည်းမျိုးစုံနှင့်ခြိမ်းခြောက် ခေါ်ယူခြင်း၊ အချိုးကျ အရေအတွက်ဖြင့် ရွာများ၊ ရပ်ကွက်များကနေ မလိုက်မနေရခေါ်ယူသည့်အပြင်၊ အကြောင်းရင်းမဲ့ ဖမ်းဆီးခြင်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရသည်။

အဓမ္မနည်းလမ်းပေါင်းစုံကို သုံးကာ စုဆောင်းရရှိလာသော တပ်သားသစ်များအတွက် အပတ်စဉ် ၂ စစ်သင်တန်းကိုတော့ မေလ ၁၄ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့ပြန်သည်။ ထပ်မံဖွင့်လှစ်မည့် စစ်သင်တန်းအပတ်စဉ် ၃ အတွက် စစ်ကောင်စီသည် သူ၏မစ်ရှင်အတိုင်း တပ်သားသစ်များရရှိရေး မြို့ရွာများတွင် နေ့စဉ်ရက်ဆက် လူဖမ်းပွဲများ ဆက်လက်လုပ်ဆောင်နေသည်။

စစ်မှုထမ်းရမည့် စာရင်းများပြုစုရာတွင် ဥပဒေပါပြဌာန်းချက်များအတိုင်း စုဆောင်းသည်ထက် အောက်ခြေအုပ်ချုပ်ရေးမှူးများ၏ ပေးပို့သောအချက်အလက်များနှင့် နယ်ထိန်း၊ စရဖ၊ သတင်းပေးဒလန်များ၏ အချက်အလက်များအတိုင်း အခေါ်ခံရသူများ ရှိနေသည်။

ယခင် နိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် လက်ရှိကာလ တော်လှန်ရေးအင်အားစုများ၊ CDM များ၏ ဆွေမျိုးနီးစပ်တော်သူများ၊ တော်လှန်ရေးတွင် ထောက်ပံ့နေသည်ဟု ထင်မှားစွပ်စွဲခံရသူများ၊ စကစထောက်တိုင်များနှင့် ရန်ငြှိုးရန်စဖြစ်ဖူးသူ၊ မျက်မုန်းကျိုးခံရသူ၊ မတည့်သူများမှာ စစ်မှုထမ်းရမည့် စာရင်းများတွင် တကြိမ်မဟုတ် နောက်တကြိမ်တွင် ပါဝင်နေသည်ဟု တပ်သားသစ်စုဆောင်းခံနေရသည့် နယ်မြေဒေသတွင်း နေထိုင်သူများက ပြောကြသည်။

“အရင်က ပါတီအောင်နိုင်ရေးမှာ လိုက်ဖူးတဲ့ သူတွေနဲ့ မကင်းရာမကင်းကြောင်း ဆိုပြီး ရပ်ကွက်ထဲ အိမ်တအိမ်ကို ခဏခဏလာခေါ်တယ်။ သူ့သားက မရှိတော့ဘူး။ ရန်ကုန်မှာ။ အဲဒါကို အတင်းပြန်ခေါ်ခိုင်းနေတာ မလာရင် စစ်တပ်ခေါ်ရမယ်လို့ ခြိမ်းခြောက်တယ်။ အမေလုပ်သူလည်း အိမ်မှာအိပ်လိုက် တခြားသွားလိုက်နဲ့ပဲ” ဟု ပြည်မြို့က အမျိုသမီးတဦး က ပြောသည်။

ငွေကြေးတတ်နိုင်သူများက အုပ်ချုပ်ရေးမှူးများကိုငွေပေးကာ အစားထိုးထည့်ခိုင်းမှုများကြောင့်လည်း ငွေကြေးမတတ်နိုင်သူ မိသားစုဝင်များရှိ လူငယ်များမှာ မဖြစ်မနေလိုက်ပါသွားရသည်များလည်း ရှိသည်။

ထို့အပြင် မြို့ပေါ်ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သူများနှင့် လမ်းပျော်မိသားစုအဖြစ် လှည့်လည်နေသူများကို နယ်မြေအပိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ကာ တပ်သားသစ် တောင်းယူမှုများ တနည်းတဖုံဖြင့် လုပ်ဆောင်သည်။

“ကိုယ်တို့နားက ကျူးကျော်လို့သူတို့ခေါ်တဲ့နေရာမှ ာနေတဲ့သူတွေထဲက လူငယ်တွေကို အလှည့်ကျနဲ့လိုက်ရမယ်ဆိုပြီး အုပ်ကြီးဆိုသူက လက်မှတ်လိုက်ထိုးခိုင်းတယ်။ မလိုက်ဘူးငြင်းမယ်ဆို စစ်တပ်နဲ့ အကုန်နေရာဖယ်ခိုင်းမယ်တဲ့။ သူမျက်နှာကိုထောက်ထားဦးးဆိုပြီးလည်း ပြောသွားသေးတယ်” ဟု အမျိုးသားတဦးကပြောသည်။

ကျေးရွာတရွာတွင်တော့ သင်တန်းအပတ်စဉ် ၃ အတွက် တပ်သားသစ်အဖြစ် ၁ ဦးလိုက်ရမည်ဖြစ်ပြီး လူစားထိုးမည်ဆိုပါက တပ်သားသစ် ၁ ဦး သိန်း ၅၀ ဖြင့် ရွာရှိ နေအိမ်များက တအိမ်လျှင်ငွေ ၂ သောင်းကျော် ကို ရွာလူကြီးထံ ပေးလိုက်ကြရသည်ဟု သိရသည်။

တဘက်တွင်လည်း စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သော လူငယ်များသည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများထံ ဝင်ရောက်ကြသလို ပြည်ပထွက်ခွါအလုပ်လုပ်သူများနှင့် အိမ်နီးချင်းနိုင်ငံများထံ တရားမဝင်လမ်းကြောင်းများမှ ဖြစ်သလိုဝင်ရောက်နေကြမှုမှာ ထင်မှတ်မထားသော အရေအတွက်သို့တိုင် ရောက်ရှိနေပြီ ဖြစ်သည်။

စစ်ကောင်စီကတော့ မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အတွက် ရဲဝံ့သည့် စိတ်ဓာတ်များဖြင့် ဝင်ရောက်လာသော နိုင်ငံ့သားကောင်းရတနာများကို အစဉ်အမြဲလေးစား ဂုဏ်ယူလျက်ရှိကြောင်း ပြောင်ပြောင်တင်းတင်း ဗြောင်လိမ် ဝါဒဖြန့်ချီလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအမျိုးသမီး လူဦးရေအချိုးအစားမမျှတချိန် ဖြစ်လာနိုင်သည်ကို စကားတဘောင်ထားခဲ့သည့် “လူပျို့အမေဆန်တအိတ်နဲ့ မန်းတောင်ရိပ်မှာခို” ဆိုသည့် စကားရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ခံစားနေရသည့်အခြေအနေကို ထင်ဟပ်လျှက်ရှိပြီး  စစ်ကောင်စီ၏ တပ်သားသစ်ရရှိရေးအဓမ္မမစ်ရှင်မှာတော့ ပုန်းအိပ်စရာမရှိအောင်ပင် ကျေးလက်မြို့ပြ တောတောင်လယ်ယာများအထိ ခြိမ်းခြောက်လျှက် ရှိသည်။

#မြေလတ်အသံ

#စစ်တပ် #စစ်မှုထမ်းဥပဒေ #တပ်သားသစ် #အဓမ္မ #စုဆောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10