တမူးကနယ်မြေရဲစခန်းစီးနင်းခံရပြီး စခန်းမှူးအပါ ၆ ဦးအရှင်မိ သေနတ် ၉ လက်ပါ သိမ်းယူ
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့နယ်၊ စစ်ကောင်စီလက်အောက် ဘုက္ကန်ရွာနယ်မြေရဲစခန်းကို မတ်လ ၂၄ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ တမူးအမျိုးသားလွတ်မြောက်ရေးတပ်တော်-NLA က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းစီးနင်းစဉ်မှာ စခန်းအတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံတာကြောင့် ဘုက္ကန်နယ်မြေရဲစခန်းမှူးအပါ ရဲ ၆ ဦး အရှင်ဖမ်းမိခဲ့သလို စခန်းမှာရှိတဲ့ လက်နက်တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တမူး PDF တပ်ရင်းဌာနချုပ်တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
“မနက်မိုးမလင်းခင် ဝင်စီးတာ၊ စခန်းသိမ်းနိုင်တယ်။ ရဲ ၂ ယောက် ထွက်ပြေးသွားတယ်။ စခန်းမှူးအပါ ၆ ယောက် အဖမ်းခံတယ်။ သေနတ်တွေ သိမ်းဆည်းရှိခဲ့တယ်။ ဖမ်းမိတဲ့ရဲတွေရဲ့ အဆင့်၊ နာမည်တွေ၊ အသက်တွေ အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
ရဲစခန်းစီးနင်းသိမ်းပိုက်မှုမှာ ရဲတပ်သားတွေ ကိုင်ဆောင်တဲ့ G-3 ၅ လက်၊ အူဇီ ၂ လက်၊ ကာဘိုင် ၂ လက်၊ ခါးချိုးတတောင့်ထိုးတူမီးတွေအပြင် ကျည်ဆံအများအပြား၊ စကားပြောစက်နဲ့ တခြားစစ်ဖက်ဆိုင်ရာပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ကာ ရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တမူးအမျိုးသားလွတ်မြောက်ရေးတပ်တော်- National Liberation Armyဟာ ယခင်က တမူး PDF တပ်ရင်း-၃ အဖြစ် လှုပ်ရှားခဲ့တာဖြစ်ပြီး မတ်လ ၅ရက်နေ့ကစတင်ကာ N.L.A အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ကာ ဝောာ်လှန်ရေးကိုအရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
Share
Share
Share