တမူး-ကလေးလမ်းပိုင်း ၂ လနီးပါးကြာ ပိတ်ထားလို့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာ

တမူး-ကလေးလမ်းပိုင်း ၂ လနီးပါးကြာ ပိတ်ထားလို့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် တမူး-ကလေး လမ်းပိုင်းကို ၂ လနီးပါးကြာပိတ်ထားခဲ့ရာ ဒေသခံပြည်သူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးလာကာ ကုန်ဈေးနှုန်းတွေလည်း ကြီးလာလို့ စားဝတ်နေရေး ခက်ခဲလာတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

တမူးနဲ့ ၇မိုင်လောက်ဝေးတဲ့ ပန်းသာရွာတိုက်ပွဲကြောင့် ဇွန်လ ၁၅ရက်ကတည်းက တမူး-ပန်းသာ-ဘုက္ကန်လမ်းကို ပိတ်ထားတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှာဝောာ့ ခမ်းပါတ်တိုက်ပွဲကြောင့် မိုင် ၈၀ ကျော် ဝေးတဲ့ တမူး-ကလေးလမ်းပိုင်းကို လုံးဝပိတ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလမ်းပိုင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပိတ်ထားတာဖြစ်သလို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကလည်း ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အခုချိန်ထိ ကုန်စည်ပြတ်လပ်တာ မရှိပေမယ့် ကုန်ပစ္စည်းအသစ်မဝင်လာတဲ့အတွက် ဒေသတွင်းမှာ ကုန်ပစ္စည်းရှားပါးလာကာ ကြက်ဥတလုံး ၈၀၀ ကျပ်၊ ခရမ်းချဉ်သီး တလုံး ၅၀၀ ကျပ်၊ ဆန်တအိတ်  ကျပ် ၁သိန်းခွဲ၊ စားအုံးဆီတပိဿာ ၁၂၀၀၀  ကျပ် စသည်ဖြင့် ဈေးနှုန်း ၂ဆ၊ ၃ဆ တက်လာပြီး ဒေသခံပြည်သူတွေအနေနဲ့ ဝယ်ယူစားသောက်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

“အခုက ကြက်ဥတလုံး ၈၀၀ဖြစ်နေပြီ။ ပြီးတော့ ဒီမှာက CDM လုပ်ကြတော့ ဆရာဝန်တွေ မရှိဘူးလေ။ ကျန်းမာရေးဝန်ထမ်းလောက်ပဲရှိတာ။ အခု သက်ကြီးလူနာတွေလည်း ကျန်းမာရေးကိစ္စ အရမ်းခက်နေတယ်။ မီးဖွားရမယ့် သူတွေကလည်း သွားချင်နေပြီ၊ ဘယ်မှသွားမရဘူး၊ အခုလမ်းတွေ ပိတ်ထားတော့ အလုပ်ကိုင်တွေကလည်းမရှိ။ တချို့လက်လုပ်လက်စားသမားတွေဆို ထမင်းစားဖို့တောင် ခက်နေပြီ”လို့ တမူးဒေသခံတဦးက ပြောပါတယ်။

တမူးဒေသခံအများစုဟာ အိန္ဒိယနယ်စပ်မှာ ကုန်ရောင်းကုန်ဝယ်အလုပ်နဲ့ အသက်မွေးကြပြီး အခုလက်ရှိ အိန္ဒိယဘက်ခြမ်းကလည်း လူမျိုးရေးပြဿနာတွေကြောင့် နယ်စပ်လမ်းပိတ်ထားကာ တမူး၊ ကလေးဘက်ခြမ်းကလည်း တိုက်ပွဲတွေကြောင့် ပိတ်ထားတဲ့အတွက် တမူးမြို့ဟာ ဘယ်ဘက်မှ ထွက်ပေါက်မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာကြီး မဟုတ်ဘူး။ တိုက်ပွဲဖြစ်တုန်း ရပ်ခိုင်းလိုက်၊ ပြီးသွားရင် သွားခိုင်းလိုက် လုပ်ရင်တော့ အဆင်ပြေတာပေါ့။ ခုကျ အချိန်တိုင်း လမ်းတွေပိတ်ထားတော့ ဈေးတွေကကြီး အလုပ်ကလည်း မရှိကြ၊ အခြေခံလူတန်းစားက များတယ်လေ၊ လမ်းတွေဖွင့်မှ အလုပ်ပေါတာ၊ ခုကျ ကြက်ဥတောင် နေ့တိုင်း မစားနိုင်ဘူး”လို့ တမူးဒေသခံတဦးက ပြောပါတယ်။

ဇွန် ၁၅ ရက်ကနေ ဇူလိုင် ၂၀ ရက်နေ့ထိက တမူး-ပန်းသာ-ဘုက္ကန်လမ်းပိုင်းသာ ပိတ်ထားတဲ့အတွက် ကုန်စည်တွေကို ဘုက္ကန်ရွာကနေတဆင့် အိန္ဒိယနိုင်ငံထဲကို ဆိုင်ကယ်နဲ့သယ်ယူကာ တမူးဘက်ကို ပြန်ပို့လို့ရတဲ့အတွက် အနည်းငယ်သယ်ယူလို့ရခဲ့ပေမယ့် အခုကတော့ ကလေးကနေ စပိတ်လိုက်တဲ့အတွက် ကုန်စည်သယ်ယူဖို့လမ်းကြောင်း လုံးဝပြတ်တောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တမူးမြို့နယ်မှာ ဇွန်လထဲက စစ်ရေးတင်းမာနေတာဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှာတော့ ခမ်းပါတ်မြို့မှာ တိုက်ပွဲစဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၃ကြိမ်တိုက်ခိုက်ခဲ့ကာ အခုချိန်ထိ စစ်ဆိုင်နေကြဆဲ ဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တမူးမြို့နယ် #တမူး_ကလေး #လမ်းပိတ် #ဒေသခံ #စားဝတ်နေရေး #ခက်ခဲ #တိုက်ပွဲ #သတင်း #အလုပ်အကိုင်ရှားပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10