တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံး    ■ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပြန်တိုက်လို့ ကသည်းလက်နက်ကိုင် ၃ ဦးသေ၊ ၁ ဦးအရှင်မိ

တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံး ■ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပြန်တိုက်လို့ ကသည်းလက်နက်ကိုင် ၃ ဦးသေ၊ ၁ ဦးအရှင်မိ

 

စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက် တမူးခရိုင်တပ်ရင်း (၄) ရဲ့ ကာကင်းတခုကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အောက်တိုဘာလ ၂၃ ရက်မနက် ၅ နာရီကျော်မှာ စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း (၄) တာဝန်ရှိသူက ပြောပါတယ်။

ပန်းသာပျူစောထီးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ကသည်းလက်နက်ကိုင်တပ့်နဲ့ ပျူစောထီးတပ်ဖွဲ့ အင်အား ၈၀ ခန့်က နန်းမွန်းတားရွာအနီးတောထဲရှိ တပ်ရင်း(၄) က ရဲဘော် ၇ ဦးစောင့်နေတဲ့ကာကင်းကို တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“ကာကင်းကို အင်အားအလုံးအရင်းနဲ့ ဝင်လုံးတဲ့အနေအထားမှာ ကျနော်တို့ ကလေးတွေက ခံပစ်ရင်းနဲ့ ၄ ယောက်ကလွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ကတုတ်ကျင်းထဲမှာပဲ ခံပစ်ရင်းနဲ့ကျသွားတယ်”လို့ တမူးခရိုင်တပ်ရင်း (၄) မှ ထောက်လှမ်းရေးချုပ်နက္ခတ်က ပြောပါတယ်။

ကျဆုံးရဲဘော် ၃ ဦးမှာ ၂၃ နှစ်၊ ၁၉ နှစ်၊ ၁၈ နှစ်အရွယ်ရှိတဲ့ ရဲဘော်တွေဖြစ်ကြပြီး သေနတ် ၅ လက်ပါ ဆုံးရှုံးခဲ့ကာ လွတ်မြောက်လာတဲ့ ရဲဘော် ၄ ဦးထဲက ၁ ဦးမှာလည်း ဝမ်းဗိုက်နဲ့ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တပ်ရင်း ၄ ရဲ့ကာကင်းကို သိမ်းပိုက်ခဲ့ပြီးနောက် ကသည်းလက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၁၀ ဦးက ဆိုင်ကယ် ၅ စီးနဲ့ အာရှကားလမ်းမပေါ်မှာရှိတဲ့ နန်းမွန်းတားကျေးရွာရဲ့ တံတားကို ဝင်ရောက် လာချိန် တမူးခရိုင်တပ်ရင်း ၁ က တိုက်ခိုက်ခဲ့ရာ ကသည်းလက်နက်ကိုင် ၃ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့တယ် လို့ နက္ခတ်က ပြောပါတယ်။ 

“နန်းမွန်းတားကို သိမ်းနိုင်ပြီဆိုပြီးတော့ ကသည်းတွေက အာရှလမ်းမကြီးကို ပလိန်းကြီးတက်ခဲ့တယ်။ ကျနော်တို့ရဲ့ သတ်ကွင်းထဲကြီးကိုတက်ခဲ့တော့ ၃ ကောင်ကပွဲချင်းပြီးသေတယ်။ ၁ ကောင်က ဗုံးမှန်ပြီးတော့ မသေမရှင်ဖြစ်နေတာ။ သေနတ် ၄ လက်လည်းရတယ်”လို့ နက္ခတ်က ပြောပါတယ်။

ကသည်းလက်နက်ကိုင်အဖွဲ့ထဲမှ ကျန်တဲ့ ၄ ဦးမှာ တံတားပေါ်ကနေ ချောင်းထဲကို ခုန်ချထွက်ပြေးသွားခဲ့တာကြောင့် လွတ်သွားခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဒဏ်ရာတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဝင်မှာ အသက် ၄၀ ကျော်ရှိပြီး လက်ရှိမှာသူ့ကို ဆေးကုသမှုပေးထားကာ စစ်ဆေးမေးမြန်းမှုလုပ်ဆောင်နေတယ်လို့ သိရ ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင် #တမူး #စစ်ကောင်စီ #ကာကွယ်ရေးကင်းစခန်း #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10