တမူးမှာ စက်သုံးဆီပြတ်လပ်ပြီး ဆိုင်တချို့ပိတ်၊ စက်သုံးဆီဈေးခေါက်ချိုးမြင့်တက်

တမူးမှာ စက်သုံးဆီပြတ်လပ်ပြီး ဆိုင်တချို့ပိတ်၊ စက်သုံးဆီဈေးခေါက်ချိုးမြင့်တက်

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စက်သုံးဆီပြတ်လပ်ပြီး ဆီဆိုင်တချို့ပိတ်ထားရကာ ဆီဈေးနှုန်းမှာလည်း ခေါက်ချိုးအထိ မြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ စက်သုံးဆီဈေးတွေ တဖြည်းဖြည်းမြင့်တက်ခဲ့ရာက ဒီဇင်ဘာလ ၂၂ ရက် နေ့ခင်းပိုင်းဆက်သွယ်ချက်အရ တမူးမြို့မှာ အောက်တိန်း 92 ဓာတ်ဆီတဂါလံကို ကျပ် ၃၆,၀၀၀ ဝန်းကျင်အထိပေးဝယ်နေရကာ 95 ဓာတ်ဆီ တဂါလံကို ကျပ် ၄၀,၀၀၀ နီးပါးအထိမြင့်တက်လာတာ ဖြစ်ပါတယ်။

တဂါလံ ကျပ် ၂၀,၀၀၀ ဝန်းကျင်ကနေ အခုလိုဈေးတက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ဆီဈေးနှုန်းကြီးမြင့်တာကြောင့် ဒေသခံတွေအနေနဲ့ အပိုငွေကုန်ကြပြီးသွားလာရေးပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

တမူးမြို့က ကုန်ပစ္စည်းရောင်းဝယ်ပို့ပေးတဲ့ ဒေသခံအမျိုးသမီးတဦးက "ဓာတ်ဆီခနဲ့ဆိုရင် အမတို့တွေ လုပ်ရတာလုံးဝအဆင်မပြေဘူး။ ဆီကလည်း ကိုယ်လိုချင်တိုင်းဝယ်လို့မရဘူးလေ။ ဘယ်ဆိုင်ကဆီဖွင့်တယ်၊ ဆီရောင်းပေးနေတယ်တဲ့ဟေ့ဆိုရင် အပြေးအလွှားအဲ့လိုဝယ်ထည့်ကြရတာပေါ့နော့။" လို့ မြေလတ်အသံကို ပြောပါတယ်။

တမူးမြို့ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် အိန္ဒိယဘက်က စက်သုံးဆီတွေရောင်းချတာမျိုးရှိပေမဲ့ အိန္ဒိယဘက်ကဝင်လာတဲ့ စက်သုံးဆီတွေက အရည်အသွေးညံ့တာကြောင့် ဆိုင်ကယ်ကိုအပျက်မြန်စေတဲ့အတွက် အသုံးပြုသူနည်းပါးတယ်လို့ ဆိုပါတယ်။

တမူးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတဦးက "ခက်ခဲတာပေါ့ အမတို့၊ သွားရလာရတာတွေရော၊ ကုန်ကျစရိတ်တွေနှော့။ ဝန်ကြီးဌာနက ထောက်ပံ့တာကနည်းနည်း၊ ကုန်ကျစရိတ်တွေကများများ အဲဒါ အခက်အခဲတွေအများကြီးကြုံရတယ်။" လို့ မြေလတ်အသံကို ပြောပါတယ်။

အခုလို စက်သုံးဆီဈေးမြင့်တက်ရတာဟာ စက်သုံးဆီတင်ဆောင်သယ်ယူတဲ့လမ်းပိုင်းမှာ စစ်ကောင်စီထံ ဂိတ်ကြေးတွေအများအပြားပေးဆောင်ရလို့  ဈေးနှုန်းကြီးမြင့်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာလည်းရှိပါတယ်။ 

ဓာတ်ဆီဈေးမြင့်တက်မှု အခြေအနေနဲ့ပတ်သက်ပြီး တမူးမြို့က စက်သုံးဆီဆိုင် ၃ ခုကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။

တမူးမြို့နဲ့ နယ်နိမိတ်ခြင်းထိဆက်စပ်နေတဲ့ ကလေးမြို့မှာတော့ အောက်တိန်း 92 ဓာတ်ဆီတဂါလံကို ၂၇,၀၀၀ ကျပ် သာရှိနေပါတယ်။

လတ်တလောမှာ ကလေးမြို့နဲ့တမူးမြို့ကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - မင်းထင်ကျော်

ပုံစာ-၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်က တမူးမြို့မှာ မြို့ခံတွေ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတန်းစီဝယ်ယူနေရတဲ့မြင်ကွင်း။

သတင်း - သက်ဝေ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #စက်သုံးဆီ #တမူး #ဈေးမြင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10