တမူးမှာ ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းနဲ့ ၆ ကြိမ် ပစ်ခတ်

တမူးမှာ ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းနဲ့ ၆ ကြိမ် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာရွာမှာ စစ်ကောင်စီနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ၆ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။

ဇွန်လ ၁၅ ရက်ကနေ ဇွန်လ ၂၁ ရက် ဒီကနေ့အထိ ထိတွေ့မှုတွေ ဖြစ်နေပြီး မနေ့ကလည်း လေကြောင်းနဲ့  ၂ ကြိမ်ပစ်ခတ်သွားကာ စစ်ကောင်စီဘက်က အထိနာတဲ့အတွက် ၁၅၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်တွေမှာ လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“Mi35 လည်း အကြိမ်ကြိမ်လာပစ်တယ်၊ ထောက်ပို့လေယာဉ်နဲ့ အထုတ်တွေလာချသွားတယ်။ ‌ပစ္စည်းကောက်ဖို့ လာကြချိန်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်၊ သူတို့ဘက်က မြေပြင်မှာ လိုသလို စစ်ကူလာလို့ မရဘူး" လို့ တိုက်ပွဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့အထိုင်ချရာ စာသင်ကျောင်းနဲ့ ရဲစခန်းတွေမှာ ပိတ်မိသလိုဖြစ်နေတာကြောင့် လေကြောင်းပစ်ကူယူကာ ထောက်ပို့ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့လာချပေးနေရတယ်လို့ သူက ဆိုပါတယ်။

ဇွန်လ ၂၀ ရက် မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၄ ဦး၊ ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ သေဆုံးစာရင်းနဲ့ပတ်သက်လို့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က ဇွန်လ ၁၉ ရက်မှာ ထောက်ပို့‌လေယာဉ်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေလာချသွားပြီး အဆိုပါ ပစ္စည်းတွေထဲက ၄၀ မမ ဗုံးကျည်တချို့နဲ့  AK ကျည်ဆန်တချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရထားကြတယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးရဲဘော်တွေဘက်ကလည်း  ဒဏ်ရာပြင်းထန်သူ ၇ ဦးရှိထားပြီး အဆိုပါတိုက်ပွဲကို တမူးခရိုင် တပ်ရင်း - ၁၊ KLAB၊ ABSDF၊ မြို့နယ်ပကဖ စတဲ့ တပ်ဖွဲ့ ၄ ခုက အဓိကတိုက်ခိုက်နေကာ တမူးခရိုင် တပ်ရင်း - ၄နဲ့ National  Liberation Army တပ်ဖွဲ့တို့ကလည်း စစ်ကူလမ်းကြောင်းဖြတ်တောက်ပေးပြီး တိုက်ပွဲကို ဝန်းရံပေးနေတယ်လို့ ဆိုပါတယ်။

ပန်းသာရွာက စစ်‌‌ကောင်စီစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ၂၀၂၁ ခုနှစ် မေ ၁၂ ရက်က တကြိမ်၊ ၂၀၂၂၊ ဇွန် ၂၂ ရက်ကတကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး ပထမတကြိမ်တိုက်ခိုက်မှုတုန်းက စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ဒုတိယအကြိမ်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၂၅ ဦးထိ သေဆုံးထားပါတယ်။

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တမူးမြို့နယ် #ပန်းသာရွာမှာ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10