တမူး-ကလေး ကားလမ်းပိုင်းမှာ ဂိတ်ကြေးပေးဆောင်ရတာများလို့ ကုန်ကားသမားတွေ အခက်ခဲကြုံနေရ

တမူး-ကလေး ကားလမ်းပိုင်းမှာ ဂိတ်ကြေးပေးဆောင်ရတာများလို့ ကုန်ကားသမားတွေ အခက်ခဲကြုံနေရ

စစ်ကိုင်းတိုင်း၊ တမူး-ကလေးကားလမ်းပိုင်းမှာ ကုန်ကားတွေအနေနဲ့  ဂိတ်ကြေးအများကြီးပေးကာ ဖြတ်သန်းနေရပြီး ခရီးတခုကို ၁ သိန်းကနေ ၅ သိန်းကြား ကုန်ကျနေတဲ့အတွက် အခက်အခဲ ကြုံနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အခုလက်ရှိ တမူး-ကလေးကားလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဂိတ်ပေါင်း ၂၀ နီးပါးရှိနေပြီး ငွေကြေးအများအပြားပေးဆောင်ရတဲ့ ဂိတ် ၂ ခုရှိကာ တခုကတော့ NUG လက်အောက်ခံ တမူး-ပကဖဂိတ်ဖြစ်ပြီး နောက်တခုကတော့ တမူး-National Liberation Army တပ်ဖွဲ့ဂိတ် ဖြစ်တယ်လို့ ဆိုပါတယ်။

တမူး ပကဖဂိတ်မှာ ကုန်ကားတစီးကို ၅၀၀၀၀ နှုန်းနဲ့ အခွန်ဆောင်ပြီးရင် တမူး-မန္တလေး ကားလမ်းတလျှောက် (ပကဖ) ဂိတ်ကြေးချလန်ပြပြီး ဖြတ်သန်းလို့ရပေမယ့် NLA ဂိတ်ကျရင်တော့ အဆိုပါချလန်က အကျုံးမဝင်တော့ဘဲ အခွန်အသစ်ပြန်ဆောင်ရကာ NLA ဂိတ်တခုထဲတင် ၁ သိန်းခွဲ ၂ သိန်း ကုန်ကျတယ်လို့ သိရပါတယ်။

“ပကဖမှာ ဆောင်ပြီးသားမို့ NLAမှာ ချလန်သွားပြရင် အကျုံးမဝင်ဘူး၊ သူတို့ကျ ပကဖနဲ့မဆိုင်ဘူးတဲ့၊ အကုန်ထပ်ဆောင်ရတာ၊  ဘာမှမပါဘူးဆို ၂ သောင်းတဂိတ်၊ ၅ သောင်းတဂိတ်ဆောင်ရတယ်၊ ကုန်ပါရင် ကွမ်းသီး၊ ဘိလပ်မြေ၊ အရက်၊ ဆေးလိပ် အကုန်တောင်းတော့ တော်တော် အဆင်မပြေဘူးဗျ၊ ခရီးတခုကို အနည်းဆုံး ၅ သိန်းလောက်ကုန်တယ်။” လို့ ကုန်ကားသမားတဦးက ပြောပါတယ်။

ကုန်ကားအတွက် ဂိတ်ကြေးပေးဆောင်ပြီးပေမယ့် ကားပေါ်မှာ ကွမ်းသီး၊ ဆေးလိပ်၊ ဘိလပ်မြေ၊ အရက် စတဲ့ ကုန်တွေပါရင် ကွမ်းသီးနဲ့ဆေးလိပ် တဖာကို ၅၀၀၊ အရက်တဖာကို ၅၀၀ ကနေ ၁၂၀၀ အတွင်း ထပ်မံဆောင်ရပြီး အဲဒီကုန်ပစ္စည်းအခွန် သီးသန့်ကောက်ခံမှုဟာ တမူးလမ်းပိုင်းတခုထဲ ကောက်ခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“NLAမှာဆို အရက်ပါရင် တဖာ ၅၀၀ ကောက်တယ်၊ ဖာ ၅၀၀ လောက်ဆို ပိုက်ဆံမနည်းဘူးလေ၊ အဲ့လိုမျိုးကျ  ကျနော်တို့က မဆောင်ချင်ဘူး၊ စစ်တပ်ထုတ်ကုန်တင်တာမှ မဟုတ်တာ။" လို့ ၁၂ ဘီးကုန်တင်ကားမောင်းသူ ဦးမောင်(အမည်လွှဲ)က ပြောပါတယ်။

ကလေးမြို့အထွက်က တမူး ပကဖဂိတ်တွင် စတင် ဂိတ်ကြေးပေးဆောင်ပြီး မိုင် ၄၀ အကွာမှာ ပကဖ၊ NLA နဲ့ တခြား အဖွဲ့တခုတို့ ဂိတ်ရှိနေပြီး ပကဖ ကိုပေးဆောင်ခဲ့သော ဂိတ်ကြေးမှာ NLA နဲ့သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး ထပ်မံတောင်းခံတယ်လို့ သိရပါတယ်။

အဲ့ဒီ သုံးဖွဲ့ ဂိတ်ကနေ ဆယ်မိုင်အကွာအထိ NLA အဖွဲ့ က သူတို့ပိုင်နက်အဖြစ်သတ်မှတ်ပြီး ကုန်ကားတစီးကို ၇ သောင်းခွဲခန့်တောင်းကာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းပေါ်မူတည်ပြီး ထပ်မံပေးဆောင်ရတာတွေ ရှိနေတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

အလားတူ စစ်ကောင်စီဂိတ်တွေမှာလည်း သတ်မှတ်ချက်မဟုတ်ဘဲ  တဂိတ်ကို ၂ သောင်းမှစတင်ကာ ၅ သောင်းအထိ ညှိနှိုင်းပေးကာ ဖြတ်သန်းနေကြရတယ်လို့ ဆိုပါတယ်။

ကုန်ကားသမားတွေအနေနဲ့လည်း ဂိတ်ကြေးပေးဆောင်ရတာတွေ များလာတဲ့အတွက် ပြည်သူတွေဆီက တန်ဆာခ ပိုတောင်းတာတွေလုပ်လာကြပြီး ပုံမှန် တန်ဆာခ ၂၀၀၀ တန် ပစ္စည်းတခုကို  ၄၀၀၀ လောက်ထိ တိုးတောင်းရတဲ့အတွက် အောက်ခြေပြည်သူတွေက အထိနာဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်ကာလတုန်းက တမူး-မန္တ‌လေး ကားလမ်းပိုင်းကို တသိန်းဝန်းကျင်ဆို သွားလာလို့ရပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ တမူး-ကလေး ကားလမ်းပိုင်းတင် ၂ သိန်းကနေ ၅ သိန်းကြား ကုန်ကျလာတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တမူး #ကလေး #ပကဖ #NLA #စစ်ကောင်စီ #ဂိတ်ကြေး #ပို့ဆောင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10