တရက်တည်း ၁၄ ဦးသတ်ခံလိုက်ရတဲ့ စုန်းချောင်းရွာဖြစ်စဥ်

ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှာ စစ်တပ်က တမနက်တည်းမှာတင် လူ ၁၄ ယောက်ကို အစုလိုက်အပြုံလိုက် သတ်သွားခဲ့ပါတယ်။

ဒလံသတင်းပေးမှုအရ ဇူလိုင်၂၁ရက် မနက် ၂နာရီလောက်မှာ စုန်းချောင်းရွာထဲ တိတ်တဆိတ်ဝင်လာပြီး  အသက် ၁၆ နဲ့ ၁၇ကြား အသက်မပြည့်သေးတဲ့ လူငယ်၄ဦးအပါအဝင် ၁၄ဦးကို သတ်ထားခဲ့တာပါ။

အရပ်ဝတ်တွေနဲ့ အင်အား ၈၀လောက်ပါတဲ့ စစ်ကြောင်းဟာ စုန်ချောင်းရွာထဲ ၄ဖွဲ့ခွဲ ဝင်လာပြီး ရွာတောင်ပိုင်းက ပကဖခေါင်းဆောင်ရဲ့ အိမ်ကို လိပ်စာအတိအကျနဲ့ ရောက်လာပြီး ဖမ်းထားလိုက်ပါတယ်။

ဖြစ်စဥ်မတိုင်ခင်ညက မိုးတွေသည်းနေတာကြောင့် ကင်းသမားတွေ မရှိတဲ့အချိန် ဝင်လာတာဖြစ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေ အငိုက်မိသွားခဲ့တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပထမဆုံးသတ်ခံလိုက်ရတဲ့ ပကဖအဖွဲ့ဝင် လူငယ် ၃ဦးဟာ ပကဖခေါင်းဆောင်အိမ်က အခြေအနေကို ကြည့်ဖို့ အသွားမှာ စစ်တပ်က ပစ်သတ်ခဲ့လိုက်တာပါ။

အဲ့ဒီနောက် ပကဖ ခေါင်းဆောင်အပါအဝင် အမျိုးသား ၃၀ ဝန်းကျင်ကိုဖမ်းခေါ်သွားပြီး ဘယ်အချိန်ဘယ်နေရာမှာသတ်ခဲ့တာကို မသိရပေမယ့် စစ်တပ် ရွာထဲက ပြန်ထွက်သွားပြီးနောက်မှာ နယ်မြေရှင်းလင်းရင်း အလောင်း ၁၄လောင်း ပြန်တွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ခံထားရသူ ၁၄ ဦးထဲမှာ ပကဖ ရဲဘော်၈ဦး၊  ပကဖ၊ ပအဖအဖွဲ့ဝင် ၃ဦးနဲ့ ပြည်သူ ၃ ဦး ပါဝင်ကာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေအပြင် ဦးခေါင်းကိုသေနတ်နဲ့ပစ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးထားတာဖြစ်ပါတယ်။

အလောင်းတွေအားလုံးကို စုန်းချောင်းရွာတောင်ပိုင်းမှာ တနေရာစီပြန်ကောက်ခဲ့ရပြီး အားလုံးကို ဇူလိုင်၂၁ရက် ညနေပိုင်းမှာ စုပြီးမီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#ယင်းမာပင် #စုန်းချောင်းရွာ #စစ်တပ် #အစုလိုက်အပြုံလိုက် #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10