သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေစိုးမိုးထားတဲ့ မြို့နယ်တွေထဲမှာ ၃ လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၃ ဦး အသတ်ခံလိုက်ရပါတယ်။
၂၀၂၄ နိုဝင်ဘာ ၄ ရက်မှာ အသတ်ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးကတော့ သူအပါအဝင် ဇနီးဖြစ်သူ နဲ့ ၃ လ အရွယ် သမီးငယ်လေးတဦးပါ နေအိမ်ထဲမှာ လည်ပင်း ဓားနဲ့လှီးအသတ်ခံလိုက်ရတာပါ။
၂၀၂၅ ဇန်နဝါရီ ၂ ရက်မှာလည်း NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ တိုက်ရိုက်ခန့်အပ်ထားတဲ့ ကောလင်းမြို့နယ် သယံဇာတအတွင်းရေးမှူး ကိုအရိန္ဒမာဆိုသူဟာ သူနေထိုင်တဲ့ ကျေးရွာနဲ့ ၁ မိုင်ခန့်အကွာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ကောလင်းမြို့နယ်မှာ သယံဇာတကိစ္စတွေရှုပ်ထွေးတဲ့အတွက် အခုလက်ရှိ အသတ်ခံလိုက်ရတဲ့ သယံဇာတ အတွင်းရေးမှူး ကိုအရိန္ဒမာကို NUG ဝန်ကြီးဌာနက တိုက်ရိုက်ခန့်အပ်ခဲ့တာ ၁ နှစ်ကျော်ရှိပါပြီ။
သူအသတ်ခံရပြီး ၄ ရက်အတွင်း ဇန်နဝါရီ ၆ ရက်မှာပဲ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာက ပြည်သူ့ အုပ်ချုပ်အရေးအဖွဲ့(ပအဖ) ခေါင်းဆောင် ဦးသိန်းဝေဟာ နေအိမ်မှာတင် ထပ်မံပစ်သတ်ခံခဲ့ရပါတယ်။ အဲ့ဒီနေ့ မနက်ပိုင်းမှာ ဆိုင်ကယ်နဲ့ လူစိမ်း ၂ ယောက်က ခြံဝန်းထဲဝင်လာပြီးနောက် ပစ်သတ်သွားတာပါ။
အဲဒီ ဝန်ထမ်း ၃ ဦးနဲ့ မိသားစုဝင် ၂ ဦး အသတ်ခံရတဲ့အမှုဟာ ဒီနေ့အထိ တရားခံမပေါ်သေးဘဲဖြစ်နေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးထားတဲ့နယ်မြေမှာ အခုလို လူသတ်မှုအထိ ကျူးလွန်လာကြတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အစောပိုင်းကာလတွေမှာ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ မလုပ်နိုင်ခဲ့လို့ဖြစ်တာလို့ CDM တရားသူကြီးနဲ့ ဥပဒေအရာရှိတွေက သုံးသပ်ပြောဆိုပါတယ်။
“လူသတ်မှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ ဖြစ်လာခဲ့တာဟာ ထိထိရောက်ရောက် အပြစ်မပေးနိုင်ခဲ့လို့ပဲ။ တော်လှန်ရေးကာလမို့ သည်းခံပါ။ ပွဲပြီးမှ ဘောင်ချာစုတ်ကြမယ် စသဖြင့် တွေးကြပြီး အရေးယူရမယ့် ကိစ္စတွေကို အရေးမယူဖြစ်တာကြောင့် အခုလို ဥပဒေချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်လာတာ။” လို့ စစ်ကိုင်းတိုင်းထဲက CDM တရားသူကြီးတဦးက ပြောပါတယ်။
အစောပိုင်းကာလတွေမှာ ပြစ်မှုကျူးလွန်တာတွေကို မထိန်းကျောင်းခဲ့တာကြောင့် အခုလို တဖြည်းဖြည်း၊ တစတစ ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အညာဒေသမှာ တချို့သော ပြစ်မှုကျူးလွန်သူတွေဟာ ပအဖ၊ ပလဖ နဲ့ ရင်းနှီးသိကျွမ်းနေတဲ့အခါမှာ အရေးယူမခံရတာ၊ လက်နက်ကိုင်တပ်ရင်း၊တပ်ဖွဲ့တွေက ကျူးလွန်တဲ့အခါ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေက ကာကွယ်ပေးတာ စတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထတွေကို ပြောင်းလဲပစ်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှာ ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူတဦးက သုံးသပ်ပါတယ်။
သူတို့ကိုယ်တိုင်လည်း အခုလိုထုတ်ဖော်ပြောကြားဖို့ အမည်၊ ရာထူးတွေကို မဖော်ပြရဲဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေ၊ လွတ်မြောက်နယ်မြေတွေမှာ ထိထိရောက်ရောက်နဲ့ အလုပ်လုပ်နိုင်တဲ့သူတွေကို ပြည်သူ့ဆန္ဒမဲနဲ့ ပြန်လည်ရွေးချယ်သင့်ပြီး အပြစ်ကျူးလွန်သူ၊ လာဘ်စားသူ၊ မမှန်မကန်လုပ်သူတွေကို ရာထူးကနေ ဖြုတ်ချပစ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
“ဒီလူကို ဒီလိုအပြစ်ပေးလိုက်၊ နောက်လူ မဟုတ်တာလုပ်လည်း ထပ်ဖြုတ်လိုက်၊ ၂ ခါလောက်ဖြုတ်လိုက်ရင် ပြည်သူကို ဒုက္ခဆက်ပေးမယ်ဆိုတာ မလုပ်ရဲဘူး သေချာတယ်။ ခုဟာက အပြစ်ပေး အရေးယူမှုကို မရှိတာ။” လို့ စစ်ကိုင်းတိုင်းအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ NUG ရဲ့ ဥပဒေအရာရှိက ပြောပါတယ်။
ကနီမှာ အသတ်ခံလိုက်ရတဲ့ မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေး ဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ဆန္ဒပြလှုပ်ရှားမှုတွေထဲက တခုဖြစ်ခဲ့တဲ့ ဖဲကြိုးနီကမ်ပိန်းကို ကနီပညာရေးအဝိုင်းဝန်းမှာ ပေါ်လာအောင်စတင်ခဲ့သူဖြစ်ပြီး ကနီမြို့ ပညာရေးသပိတ်စစ်ကြောင်းရယ်လို့ ပေါ်ပေါက်လာတဲ့ထိ စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။
တော်လှန်ရေးမှာပါဝင်နေကြသူတွေ စစ်သင်တန်းတက်တာ၊ ပြောက်ကျားသပိတ်တွေထွက်တာ စတဲ့ကျရာ အခန်းကဏ္ဍတွေကနေ လှုပ်ရှားနေကြချိန် ဦးဝင်းဌေးကတော့ မြေပြင်စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။
သူ့ရဲ့ ကြိုးစားမှုကြောင့် ၂၀၂၂ ဇန်နဝါရီ ၄ ရက်မှာ မြေပြင်စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ကို တပြိုင်တည်းဖွင့်နိုင်ခဲ့ပြီး ကနီဟာ စာသင်ကျောင်းတွေအများကြီး တပြိုင်တည်းဖွင့်နိုင်တဲ့ ပထမဆုံးမြို့နယ်ဖြစ်တာကြောင့် ဝန်ကြီးဌာနရဲ့ ချီးကျူးမှုကိုပါခံခဲ့ရတဲ့ ဝန်ထမ်းတယောက်လည်းဖြစ်ပါတယ်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ရိုက်ခန့်အပ်ထားတဲ့ ကောလင်းမြို့နယ်က သယံဇာတ အတွင်းရေးမှူး ကိုအရိန္ဒမာဆိုရင်လည်း ကောလင်းမြို့နယ်အတွက် အားကိုးရတဲ့သူတယောက်ဖြစ်တယ်လို့ သိရပါတယ်။
“ကောလင်းအတွက် ဝန်ကြီးဌာနက ချပေးထားတာ၊ လူမှန်ဗျ။ စာအုပ်ကြီးသမား လူတော်ပါ။ လုပ်ငန်း လုပ်တာကစ တိကျတယ်။” လို့ ကောလင်းမြို့နယ် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းက တချို့မြို့နယ်တွေမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်က လောင်းကစားဝိုင်း တွေလုပ်တာ၊ ဒေသခံပြည်သူတွေအပေါ်ဖိနှိပ်တာ၊ မတရားမှုပြုလုပ်တာ စတဲ့လုပ်ရပ်တွေကို ကျူးလွန်နေကြပေမယ့် လက်နက်အင်အား၊ လူအင်အားမမျှတတဲ့အတွက် မတိုင်းကြားရဲ၊ အရေးမယူရဲဘဲ ဒီအတိုင်းကြည့်နေရတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလိုကိစ္စရပ်တွေကို တိုင်ကြားတာ၊ ဝင်ရောက်စွက်ဖက်မိတာမျိုးဆိုရင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်နိုင်တယ်လို့ မြေပြင်မှာအုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေတဲ့သူတွေနဲ့ ပြစ်မှုကျူးလွန်ခံရသူတွေက ဆိုပါတယ်။
မြေပြင်က တချို့မြို့နယ်တွေမှာတော့ ပြစ်မှုကျူးလွန်သူတွေက လက်နက်အင်အား သာလွန်နေတာကြောင့် တရားခံကိုသိပေမယ့် မဖမ်းနိုင်တာ၊ လက်နက်ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အကူညီတောင်းပြီး ဖမ်းဆီးမယ် ဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့ချင်း ပွတ်တိုက်မှုတွေ ရှိလာနိုင်တာကြောင့် မသိချင်ယောင်ဆောင်ထားရတဲ့ အခြေနေတွေ ရှိတယ်လို့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တခုရဲ့ ပလဖတာဝန်ခံက ပြောပါတယ်။
မြေပြင်မှာ မတရားမှု၊ မမှန်ကန်မှုတွေကို မြင်တွေ့နေရပေမယ့် မသိချင်ယောင်ဆောင်နေရတဲ့ အခြေအနေတခုကို သူက အခုလိုရှင်းပြပါတယ်။
“ကောလင်းက သယံဇာတဒုတာဝန်ခံ လမ်းမှာတင် ဆိုင်ကယ်နဲ့ လုပ်ကြံခံရတယ်ဆိုတော့ ကျနော်လည်း တကယ်တမ်းပြောရရင် အသက်နဲ့ပဲဗျာ ကြောက်တာပေါ့။ တော်လှန်ရေးမှာ လုပ်နိုင်တဲ့ဘက်ကနေ လုပ်ပြီးတော့ သိပ်အရေးမပါတာနဲ့ ဖြစ်သွားမှာလည်း စိုးတော့ စိုးတာပေါ့။ တော်လှန်ရေးအတွက် ထိခိုက်နေတယ်ဆိုလို့ ရှိရင်တော့ သေရတာတန်တာပေါ့၊ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ဆိုရင်တော့ သေရတာ မတန်ဘူးပေါ့လေ။”
ဒီလူသတ်မှု ၃ ခုဟာ တော်လှန်ရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်သလို မြေပြင်မှာ နေထိုင်ပြီး တော်လှန်ရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်နေသူတွေကို စိတ်လုံခြုံမှုပေးနိုင်ဖို့နဲ့ ပြည်သူ့ယုံကြည်မှုရဖို့ ကျုးလွန်သူတရားခံတွေကို မဖြစ်မနေ ဖမ်းဆီးနိုင်ဖို့လိုအပ်တယ်လို့ ကောလင်းဒေသခံ ရဲဘော်တဦးက ပြောပါတယ်။
“သတ်တဲ့အမှုကတော့ မိပြီး စံနမူနာ လုပ်ပြရမှာ။ တော်လှန်ရေးအတွက် စိန်ခေါ်မှုတရပ်ပဲ။ အမှုမပေါ်သေးတော့ သူ့မယုံ ကိုယ့်မယုံ၊ နောက်ကျောမလုံတာပေါ့။ ဘယ်ဌာနကပဲဖြစ်ဖြစ် တော်လှန်ရေးလုပ်နေတဲ့သူ လုပ်ကြံ သတ်ဖြတ်ခံရတာဆိုတော့ ဘယ်သူကမှ စိတ်ဖြောင့်ဖြောင့်နဲ့တော့ လုပ်ရဲမှာ မဟုတ်ဘူး။” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ လကျော်ကဖြစ်ခဲ့တဲ့ ကနီပညာရေးတာဝန်ခံ ဦးဝင်းဌေးအသတ်ခံရတဲ့အမှုကို ကနီမြို့နယ် ပလဖနဲ့ ယင်းမာပင်ခရိုင် ပလဖက တာဝန်ယူစစ်ဆေးနေပေမယ့် ဒီကနေ့ထိ အမှုက ထူးခြားမှုမရှိသေးဘူးလို့ ကနီမြို့နယ်ထဲက ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယန္တရားတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ CDM ဝန်ထမ်းတွေဖြစ်တဲ့ ဦးဝင်းဌေးနဲ့ ကိုအရိန္ဒမာတို့ သတ်ဖြတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်ရပြီး ကျူးလွန်သူတွေကိုလည်း ဒီနေ့ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဒေသအခြေပြုနှင့် ဌာနအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းက ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ မိမိတို့ရဲ့ ယန္တရားထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘယ်သူ့ကိုမဆို အကူအညီနဲ့ အကာကွယ်တွေပေးဖို့ အပြည့်အဝတာဝန်ရှိပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ နယ်မြေစိုးမိုးရေးအပြင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ အရှိန်တိုးမြှင့် လုပ်ဆောင်ဖို့ လိုအပ်လာတဲ့ ကာလဖြစ်တယ်လို့ ဆိုပါတယ်။
NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူကို မျက်နှာမမူတဲ့လုပ်ရပ်တွေ၊ ဥပဒေ ချိုးဖောက်တာတွေကို ထိရောက်စွာ အရေးယူသွားဖို့ရှိပြီး တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေကိုလည်း တွန့်ဆုတ်မှုမရှိဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁ ရက်၊ နှစ်သစ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အခုဇန်နဝါရီလထဲမှာ စစ်ကိုင်းတိုင်းမှာအခြေချပြီး NUG ပေါင်းစပ်ညှိနှိုင်းရေးရုံးတွေ၊ ဝန်ကြီးရုံး၊ ဒုဝန်ကြီးရုံးတွေကို ဖွင့်လှစ်ရုံးထိုင်သွားမယ့်အကြောင်း သတင်းမီဒီယာတွေမှာ ပြောကြားခဲ့ပါတယ်။
မြေပြင်က ယန္တရားတွေကို အချိန်မီထိန်းကျောင်းနိုင်ဖို့ တာဝန်ရှိတဲ့သူ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေအနေနဲ့ နီးနီးစပ်စပ် လက်လှမ်းမီ ထိန်းကျောင်းနိုင်ဖို့ အခုလို ရုံးတွေဖြစ်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ ဦးဆောင်သူတွေကလည်း NUG က အခုလို မြေပြင်မှာပြောင်းရွှေ့ပြီး ရုံးဖွင့်လှစ်မှာကို ကြိုဆိုကြောင်းနဲ့ မြေပြင်မှာဖြစ်နေတဲ့ ကွဲပြားမှုတွေ၊ ပြဿနာတွေကို NUG အနေနဲ့ ဖြေရှင်းပေးနိုင်ဖို့ကိုလည်း ယုံကြည်မျှော်လင့်တဲ့အကြောင်း မြေလတ်အသံကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီးဌာနက ဝန်ထမ်း ၃ ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး လက်ရှိတွေ့ကြုံနေရတဲ့အခြေအနေကို မြေပြင်မှာ ထောက်ပို့အဖြစ် လုပ်ကိုင်နေသူတဦးက အခုလို ပြောပြပါတယ်။
“အရင်တုန်းကတော့ စစ်ကောင်စီဘက်ပဲ မလုံခြုံသလို ခံစားရတာ။ အခုကတော့ ကိုယ့်တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေဆိုလို့ရှိရင်လည်း ဘယ်သွားသွားကို လုံခြုံတယ်လို့ မခံစားရဘူး။”
#မြေလတ်အသံ
#စစ်ကိုင်း #NUG #ဝန်ထမ်း #အသတ်ခံရ #မှုခင်း
Share Share Share