တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှု စစ်ကောင်စီဘက်တော်သားတွေ သတင်းမှားဖြန့်နေ (Fact Check)

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှု စစ်ကောင်စီဘက်တော်သားတွေ သတင်းမှားဖြန့်နေ (Fact Check)

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အဆိုပါရုံးကို PDF တွေ ဗုံးနဲ့ပစ်ခတ်တယ်ဆိုတဲ့သတင်းအမှား စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှု ကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

“မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွ PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်ထွက်ပြေး၊ ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့များ ဆောင်ရွက်နေ  (မူရင်းရေးသားချက်အတိုင်း) “ဟုဆိုကာ ရေးသား ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၁၈၈,၉၀၀ ကျော်ရှိ Kyaw Swar တယ်လီဂရန်ချန်နယ်မှ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီ ၂၇ မိနစ်မှာ စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက် ဒီနေ့ ညနေပိုင်းအထိ Views(ကြည့်ရှုသူ) ၄၅,၀၀၀ ကျော် Reaction ၈၀၄ ခု နဲ့ မှတ်ချက် ၁,၁၁၂ ခု ရှိခဲ့တာ ဖြစ်ပါတယ်။ 

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Kyaw Swar တယ်လီဂရန်ချန်နယ်မှ သတင်းမှားဖော်ပြမှု - https://archive.ph/zaaqA

ဒါ့အပြင် Kyaw Swar ချန်နယ်က ဖော်ပြပြီးတဲ့နောက် စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ နောက်ထပ်တယ်လီဂရမ်ချန်နယ်တွေကလည်း အဲ့ဒီနေ့လယ်ပိုင်းမှာပဲ အဆိုပါသတင်းမှားနဲ့ အလားတူ သတင်းတွေကိုအများအပြားဖော်ပြခဲ့ကြပြီး ပျံ့နှံ့မှု အားကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲ့ဒီဖော်ပြချက်တွေထဲက Ko Thet ချန်နယ်နဲ့ Thazin Oo ချန်နယ်တို့မှ ဖော်ပြမှုတွေကို အောက်ပါ လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ko Thet တယ်လီဂရန်ချန်နယ်မှ သတင်းမှားဖော်ပြမှု - https://archive.ph/UzjQY

Thazin Oo တယ်လီဂရန်ချန်နယ်မှ သတင်းမှားဖော်ပြမှု - https://archive.ph/cl5YX

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက် အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာ “မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံး” ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ “Radio Free Asia မြန်မာဌာန ” website ရဲ့ သတင်းဖော်ပြချက်မှာ “မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး အနီး၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အောက်တိုဘာ ၁၈ ရက် မနေ့ ညနေ ၅နာရီခွဲ အချိန်မှာ ဗုံးနဲ့ တိုက်ခိုက်ခံရ”လို့ ဖော်ပြတာကို တွေ့ရှိရတာကြောင့် မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရတယ်ဆိုတာ မှန်ကန်ကြောင်း တွေ့ရှိပါတယ်။ 

ဒါ့အပြင် ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်သောသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ရှာဖွေကြည့်ခဲ့ရာမှာလည်း တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးကြောင်း ဖော်ပြကြပါတယ်။

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ တိုက်ခိုက်ခံရကြောင်း RFA Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးပစ်ခံရကြောင်း BBC Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မြန်မာအပေါ် တရုတ်ဖိအားများနေချိန် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း Mizzima - News in Burmese မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဒါ့အပြင် စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရ တိုက်ခိုက်မှုကြောင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရဲ့ ခေါင်မိုး ရေတလျှာက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ စိစစ်ဆဲဖြစ်ကာ  ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးကို PDF တွေ ဗုံးနဲ့ပစ်ခတ်တယ်ဆိုတဲ့သတင်းဟာ နားလည်မှုလွဲစေတဲ့ သတင်းမှားဖော်ပြမှုတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ Kyaw Swar၊ Ko Thet နဲ့ Thazin Oo တယ်လီဂရန်ချန်နယ်တွေကို စိစစ် ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက် ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ ရှိရပါတယ်။ 

Kyaw Swar ချန်နယ်ဟာ subscriber ၁ သိန်း ၈ သောင်းကျော် ရှိသလို ၎င်းကိုယ်တိုင် ရုပ်သံဗီဒီယို သတင်းတွေပြုလုပ်ဖြန့်ဝေနေသလို ယခုနှစ် ရေဘေးကာလတွင်လည်း သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းနဲ့အတူ ပရဟိတလုပ်ငန်းတချို့ လူလုံးပြလုပ်ဆောင်မှုတွေ တွေ့ရှိခဲ့ရပါတယ်။

ထို့အတူ Thazin Oo ချန်နယ်ဟာလည်း subscriber ၁ သိန်း ၁ သောင်းကျော် ရှိပြီး စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲအချို့မှာ သတင်းထောက် ၁ ဦးအနေနဲ့ ဝင်ရောက်မေးမြန်းတာတွေအပြင် ကိုယ်တိုင် လူလုံးပြပြီး စစ်ကောင်စီတပ်သားတွေထံ သွားရောက်တဲ့ ရုပ်သံ၊ ဓါတ်ပုံအချို့ကိုပါ ထုတ်ဖော်ပြသလေ့ ရှိပါတယ်။

ဒါ့အပြင် Ko Thet ချန်နယ်ကတော့ subscriber ၁ သိန်း ၃ သောင်းကျော်နဲ့ ပျံ့နှံ့မှုအားကောင်းတဲ့ ချန်နယ်ဖြစ်ပြီး ကိုယ်တိုင်လူလုံးထွက်ပြတာမျိုး မရှိသေးသော်လည်း သတင်းအမှားတွေ၊ လူမျိုး ရေး၊ ဘာသာရေး အမုန်းစကားတွေနဲ့ စစ်ကောင်စီကို ထောက်ခံရေးသားမှုတွေ အစဉ်တစိုက်ရေးသား နေတဲ့ ချန်နယ် ၁ ခုပဲ ဖြစ်ပါတယ်။

Kyaw Swar တယ်လီဂရန်ချန်နယ် - https://archive.ph/riU3v

Ko Thet တယ်လီဂရန်ချန်နယ် - https://archive.ph/WshAG

Thazin Oo တယ်လီဂရန်ချန်နယ် - https://archive.ph/T4euW

၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲမှ Myanmar Fact-checking Network - MFCN က စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Kyaw Swar တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/CY5VC

Ko Thet တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/SWzGB

Thazin Oo တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/AUwwE

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ တရုတ်အနေနဲ့ စစ်ကောင်စီတပ်ဘက်ကို ထောက်ခံရပ်တည်နိုင်စေဖို့နဲ့ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တရုတ်ဖိအားပေးမှုတွေအပေါ် အားပေးထောက်ခံလျက်ရှိနေပြီး လက်နက်ကိုင်တော်လှန်ရေး PDF တပ်ဖွဲ့တွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားများသာဖြစ်ကြောင်း သတင်းတုသတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးပစ်တိုက်ခိုက်ခံရတာ မှန်ပေမယ့် ဘယ်သူ၊ ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့သလဲဆိုတာ မသိရှိရသေးသော်လည်း PDF တွေက ဗုံးပစ်တိုက်ခိုက်တယ်လို့ လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်ရေးသားနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီး ဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ် စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #မန္တလေး #တရုတ်ကောင်စစ်ဝန်ရုံး #ဗုံးပေါက်ကွဲမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10