သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆီစက်ကျေးရွာက အသက် ၁၃ နှစ်အရွယ်ကလေးငယ်ကို တရွာတည်းနေအမျိုးသားတဦးကသတ်ပြီး မိဘတွေဆီကို ကျပ်သိန်း ၁၀၀ တောင်းခဲ့တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ ဆီစက် အမက ကျောင်းမှာတက်နေတဲ့ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ဒီမိုအောင်ဖြစ်ပြီး သတ်သူကတော့ တရွာတည်းသားဖြစ်သူ အသက် ၂၂ နှစ်အရွယ် ကိုဖြိုးပြည့်စုံ ဆိုသူဖြစ်တယ်လို့ဆိုပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့လယ် ၂ နာရီခန့်မှာ မောင်ဒီမိုအောင်ဟာ နေအိမ်ကနေထမင်းစားပြီး ရွာထဲက သူငယ်ချင်းဖြစ်သူ နေအိမ်ထွက်သွားရာက လမ်းမှာပျောက်ဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ညနေ ၆ နာရီလောက်မှာ အသတ်ခံထားရတဲ့အလောင်းကို ကလေးနေအိမ်နဲ့ကိုက် ၅၀၀ အကွာ ရွာအရှေ့ဘက်တောထဲက ဝါးရုံပင်အောက်မှာ ပြန်တွေ့ခဲ့တာလို့ မိသားစုဝင်တွေနဲ့နီးစပ်သူက ပြောပါတယ်။
"ကလေးပျောက်တာကို (ဇန်နဝါရီ ၂၃ ရက် ညနေ) ၄ နာရီကျော်လောက်မှ သိတယ်။ ၅ နာရီကျော်လောက်မှာ သူ့မိဘဖုန်းထဲကို မက်ဆေ့ချ်ဝင်တယ်။ ငွေသိန်း ၁၀၀ တောင်းတယ်။ အဲ့ဒီအချိန်မှာ ရဲစခန်းကိုကလေး ပျောက်တာ သွားတိုင်နေကြချိန် ကလေးတွေ့တယ်တဲ့။ တွေတဲ့အချိန်မှာ ကလေးကသေနေပြီ။ သိန်း ၁၀၀ တောင်းပေမယ့်လောလောဆယ် ၁၀ သိန်းလွှဲရမယ်ဆိုပြီးစာပဲ ပို့လာနေတာ။"လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
အလောင်းကိုတွေ့ချိန်မှာ ကလေးရဲ့ညာဘက် ညှပ်ရိုး၊ နောက်ကျောတွေမှာ ဓားမြှောင်နဲ့ထိုးသွင်းဒဏ်ရာ ၃ ချက်တွေ့ရတယ်လို့ ဆိုပါတယ်။
နေအိမ်ကို အလောင်းပြန်သယ်လာပြီးနောက် လူသတ်မှုကျူးလွန်သူကို ရဲနဲ့ကျေးရွာခံတွေက လိုက်လံစုံစမ်းခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မနက် ၁၀ နာရီလောက်မှာတော့ ကိုဖြိုးပြည့်စုံကို သူ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
အလောင်းတွေ့တဲ့တောဘက်ကနေ ကိုဖြိုးပြည့်စုံပြန်ထွက်လာတာကို တွေ့သူတွေ၊ ရွာခံမိန်းကလေး တယောက်ဆီကနေ သေဆုံးသူမိဘတွေရဲ့ဖုန်းနံပါတ်ကိုတောင်းတာ၊ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက သူဟာငွေဆယ်သိန်းလိုအပ်နေတဲ့အတွက် ကျေးရွာထဲကရင်းနှီးသူတွေဆီက လိုက်လံအကူညီတောင်းတာ စတဲ့အချက်တွေကိုသိရတာကြောင့် ကိုဖြိုးပြည်စုံနဲ့သက်ဆိုင်မှုရှိမယ်ယူဆပြီး သွားရောက်ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး ကလေးကိုသတ်ခဲ့ကြောင်းလည်း သူကိုယ်တိုင်ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
"သူရဲ့ထွက်ဆိုချက်အရ သူက ဓားနဲ့လည်ပင်းနားထောက်ပြီးနင့်မိဘဆီက ငွေတောင်းပေးဆိုပြီး စလိုက်တဲ့အချိန်တဲ့ ကလေးကအော်ပြီးထလိုက်တော့ သွားစူးတာ။ အဲ့တော့မထူးတော့ဘူးဆိုပြီး နောက်ကျောကနေ နှစ်ချက်ထပ်ထိုးလိုက်တယ်လို့တော့ပြောတယ်။ ဓားမြှောင်နဲ့ထိုးတာလို့ ပြောတယ်။"လို့ ကိုဖြိုးပြည့်စုံရဲ့ထွက်ဆိုချက်ကို ကိုးကားပြီး အထက်ပါမိသားစုဝင်နဲ့နီးစပ်သူက ဆက်ပြောပါတယ်။
ကလေးငယ်ရဲ့ နာရေးကိုတော့ ဇန်နဝါရီ ၂၅ ရက်မှာပဲပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ဖြိုးပြည့်စုံကို ဆပ်သွားနယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၇ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ ဆပ်သွားကျေးရွာမှာ တရွာတည်းနေ အမျိုးသားက အသက် ၅ နှစ် ၈ လအရွယ်ကလေးငယ်ကို တောထဲခေါ်ပြီး လည်ပင်းညှစ်သတ်ခဲ့ပေမယ့် ကလေးငယ်က အသက်မသေဘဲ ပြန်လွှတ်လာကာ လူသတ်မှုကျူးလွန်သူကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #တောင်တွင်းကြီး #ကလေး #အသတ်ခံရ
Share Share Share