တရွာလုံးနီးပါးမီးရှို့ခံရတဲ့ သပြေသာရွာမှာ အမျိုးသားအလောင်း ၄ လောင်းတွေ့

တရွာလုံးနီးပါးမီးရှို့ခံရတဲ့ သပြေသာရွာမှာ အမျိုးသားအလောင်း ၄ လောင်းတွေ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးမီးရှို့ ခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ မီးလောင်သေဆုံးနေတဲ့အမျိုးသားအလောင်း ၄ လောင်းကို တွေ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်မနေ့ကမနက် ၆ နာရီခန့်မှာ စစ်ကောင်စီအဖွဲ့တွေရွာကထွက်ခွာသွားပြီးနောက် မနက် ၉ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးချိန် မီးလောင်ပျက်စီးနေတဲ့နေအိမ်တွေနဲ့ အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

"အမျိုးသားအလောင်း ၄ လောင်းက အိမ်တွေနဲ့ရောပြီး မီးရှို့သတ်ထားခဲ့တာ။ အလောင်းတွေက ရွာလယ်လောက်မှာ တွေ့ရတာ။ ရုပ်တွေကပျက်နေပြီဆိုတော့ ရွာခံတွေလား စစ်ကြောင်းက ဖမ်းလာသူတွေလားဆိုတာ စိစစ်နေတုန်းပါ။ "လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ မင်းသားက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသားတွေဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

"အလောင်းတွေမှာတော့ သေနတ်နဲ့ပစ်သတ်ထားတဲ့ဒဏ်ရာမတွေ့ရဘူး။ ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာလည်းမတွေ့ဘူး။ အရှင်လတ်လတ်မီးရှို့သတ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်"လို့ သူက ဆက်ပြောပါတယ်။

အလောင်းတွေကိုတော့ မနေ့ကညနေပိုင်းမှာပဲရွာအပြင်ဘက်မှာ သင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နဲ့ ၁ မိုင်အကွာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၈၀၀ ကျော်ရှိတဲ့ သပြေသာကျေးရွာထဲကို ဒီဇင်ဘာ ၈ ရက်ညနေ ၄ နာရီလောက်မှာ အင်အား ၃၀ ကျော်ပါတဲ့ စစ်သားနဲ့ပျူစောထီးတွေ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနေ့ညပိုင်းမှာပဲ ရွာထဲကနေအိမ်တွေကို ၂ ကြိမ်မီးရှို့ပြီး နောက်တနေ့မနက် ဒီဇင်ဘာ ၉ ရက်မှာ တကြိမ်ထပ်မံမီးရှို့ခဲ့တာကြောင့် စုစုပေါင်းနေအိမ် ၁၅၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ မင်းသားက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီအဖွဲ့တွေဟာ ရွာမှာပဲတပ်စွဲနေခဲ့ပြီး ရွာကပြန်ထွက်သွားတဲ့ ဒီဇင်ဘာ ၁၀ ရက်မနက်ပိုင်းမှာ ဥသျှဥ်ကန်ရွာဟောင်းက နေအိမ် ၃ လုံးကိုမီးရှို့ပြီး ရွှေဘိုမြို့ဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

သပြေသာကျေးရွာကဒေသခံတွေလည်း အနီးဝန်းကျင်ကျေးရွာတွေနဲ့ ရွှေဘိုမြို့ပေါ်ကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

"မြို့ပေါ်မှာ ခုနေနေရတာက အဆင်မပြေဘူး။ အဆင်မပြေတဲ့ကြားထဲမှာ ရွာပါ မီးရှို့သွားတာဆိုတော့ အသဲနာတယ်။ လက်ရှိ ရွာပြန်ကြဖို့ကတော့ အဆင်မပြေသေးဘူး။” လို့ သပြေသာကျေးရွာသားတဦးက ပြောပါတယ်။

အခုနှစ် ဇွန်လအတွင်းမှာ သပြေသာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ခဲ့ဖူးပေမယ့် နေအိမ်တွေကိုမီးမရှို့ဘဲ ရွာသားတွေကိုစစ်ဆေးတာနဲ့ ပစ္စည်းယူတာတွေကိုလုပ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ မင်းသားက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာလည်း ရွှေဘိုမြို့၊ ခလရ ၄၂ က ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် အသက် ၂၀ ကနေ ၆၀ ကြား အမျိုးသား၊ အမျိုးသမီး ၈ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #သပြေသာကျေးရွာ #စစ်ကောင်စီ #မီးရှို့ #အလောင်းတွေ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10