တလအကြာ မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ လမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရ    ■ စစ်သင်္ဘောတွေ ဒီနေ့ဝင်လာနိုင်ပြီး မန္တလေးဂေါဝိန်ဆိပ်အနီး အစစ်ဆေးတင်းကျပ်

တလအကြာ မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ လမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရ ■ စစ်သင်္ဘောတွေ ဒီနေ့ဝင်လာနိုင်ပြီး မန္တလေးဂေါဝိန်ဆိပ်အနီး အစစ်ဆေးတင်းကျပ်

 

သြဂုတ်လကတည်းက စစ်သားတွေအပြည့်တင်ပြီး မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ စက်တင်ဘာ ၂၆ ရက် ဒီကနေ့မှာ မန္တလေးကို ပြန်ရောက်လာနိုင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ နန်းတွင်းကနေ စစ်ကား ၅ စီးနဲ့ စစ်သား ၁၅၀ ခန့်ကို ဂေါဝိန်ဆိပ်ကမ်းကိုပို့ကာ သြဂုတ် ၂၈ ရက်ကတည်းကထွက်သွားခဲ့တဲ့ အဲ့ဒီစစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်အင်အားဖြည့်တင်းခဲ့တယ်လို့ ထီးချိုင့်မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ထီးချိုင့်မြို့ရဲ့မြောက်ဘက်အရောက်မှာ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ကလည်း လေယာဥ် ၄ စီးနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မောင်းကုန်းရွာက ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် ရွှေကူမြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေကို သင်္ဘောတွေကပ်နေပြီး စက်တင်ဘာ ၁၇ ရက်မှာ ဗန်းမော်မြို့ကို ဆန်တက်ချိန် KIAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ သင်္ဘောနှစ်စီးပျက်စီးပြီး ရွှေကူမြို့ကို ပြန်လည်ဆုတ်ခွာလာတယ်လို့ သိရပါတယ်။

ဗန်းမော်ကနေ ပြန်ဆုတ်လာတဲ့ စစ်သင်္ဘောတွေဟာ ကသာနဲ့ ရွှေကူမြို့ဘက်ကနေ Non-CDM ဝန်ထမ်း ၃၀ လောက်နဲ့ စစ်တပ်မိသားစုဝင်တွေကို ပြန်ခေါ်လာတယ်လို့ အဲဒီဘက်ကဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ မနေ့ကမနက်ပိုင်းမှာ ထီးချိုင့်မြို့အနီး ထပ်မံတိုက်ခိုက်ခံရပြီး စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေ ပေးခဲ့တာကြောင့် ထီးချိုင့်မြို့မြောက်ဘက်ကပ်လျက်မှာရှိတဲ့ နန့်အင်းက ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

"ပြည်သူတွေလည်းပါတော့ လမ်းမှာသိပ်မပစ်လိုက်ဘူး။ သူတို့(စကစ)ဘက်ကတော့ လေယာဥ်တွေက ရှေ့ကနေဝဲပြီးတော့ကို တအားပစ်တယ်"လို့ ထီးချိုင့်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ စဉ့်ကူးမြို့နယ်အထက်ပိုင်းကို စတင်ဝင်ရောက်လာပြီး လေကြောင်းနဲ့ မြစ်ကမ်းအနီးကျေးရွာတွေကို ပစ်ခတ်ကာ စုန်လာနေတာလို့ စဉ့်ကူးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

"ပစ်ခတ်သံတွေတော့ ကြားနေရပြီ။ ကျောက်မြောင်းနားလောက်တော့ ရောက်နေပြီ။"လို့ ဒေသခံက ဒီနေ့မနက်ပိုင်းမှာ ပြောပါတယ်။

ဒေသခံတွေပြောချက်အရ မန္တလေးကို ပြန်စုန်ဆင်းလာနေတာ စစ်သင်္ဘော ၅ စီးဖြစ်တယ်လို့ သိရပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ စစ်သင်္ဘောတွေဆက်လက်စုန်နေပြီး ဧရာဝတီမြစ်ရေကျချိန်ဖြစ်နေတာကြောင့် ရှိမ်းမကားကျေးရွာအနီးမှာ သင်္ဘောတွေ သောင်တင်တာဖြစ်နိုင်ပြီး သောင်မတင်ခဲ့ရင် ဒီနေ့ညနေပိုင်းမှာ မန္တလေးမြို့ကို စစ်သင်္ဘောတွေ ပြန်ဝင်နိုင်တယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #စစ်သင်္ဘော #တိုက်ပွဲ #ဧရာဝတီမြစ် #စစ်ကိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10