တလအတွင်း စစ်အုပ်စုကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ပြည်သူ ၃ ဦးသေဆုံး

တလအတွင်း စစ်အုပ်စုကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ပြည်သူ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် နေအိမ်နဲ့ဆိုင်ခန်း ၇၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ပြည်သူ ၃ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ချိန် မီးရှို့တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ပြည်သူသွားလမ်းတွေမှာ မိုင်းထောင်တာတွေကြောင့် နေအိမ်၊ ဆိုင်ခန်းတွေ မီးလောင်တာနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။


"ခုရတဲ့စာရင်းတွေက ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၈ ရက်အထိ မြေပြင်က ပေးပို့လာတဲ့ သတင်းအချက်အလက်အရ ပြုစုထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံး၊ မီးလောင်ပျက်စီးတာက စကစ အဖွဲ့တွေလုပ်တာကော သူ့လက်အောက်က ပျူစောထီးတွေ လုပ်တာကော ပါတယ်"
လို့ ပြောပါတယ်။


မီးရှို့ဖျက်ဆီးခံရလို့ ကန့်ဘလူမြို့နယ်ရှိ မြေမွန်၊ တရော်ကိုင်း၊ ချောင်းကြား၊ ပိတောက်ပင်နဲ့ ပေါက်တော စတဲ့ကျေးရွာတွေက နေအိမ် ၂၆၇ လုံးနဲ့ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာက နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ကိုးတောင်ဘို့ဈေးက ၆ ပေပတ်လည် ဆိုင်ခန်း ၃၇၁ ခန်းနဲ့ ဘူတာအနီးက ဈေးဆိုင်တန်း ၅၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ထန်းကုန်းတိုက်နယ်၊ ကိုင်းရိုးရွာမှ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ သင်ပေါင်းကျင်းရွာမှ ၁၅ နှစ်အရွယ် ကလေး ၁ ဦးလည်း မိုင်းနင်းမိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပျူစောထီးတွေ ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ထန်းကုန်းတိုက်နယ်၊ သင်ပေါင်းကျင်းရွာနဲ့ ညောင်ဇင်လေးရွာမှ ဒေသခံ ၇ ဦးနဲ့ ဂွေးကုန်းရွာက ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကိုးတောင်ဘို့တိုက်နယ်၊ ကြခတ်အိုက်ရွာက ပြည်သူ ၃ ဦးလည်း စစ်အုပ်စုရဲ့ဖမ်းဆီးတာကို ခံထားရပြီး ဒီကနေ့အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10