တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ဒေသခံတဦးသေဆုံး

တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ပြန်ပစ်လို့ ဒေသခံတဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။ 

သေဆုံးသူဟာ နောင်ဘိုကျေးရွာက အသက် ၂၃ နှစ်အရွယ် မောင်ဖိုးစိုးဆိုသူဖြစ်ပြီး သူ့နေအိမ်အနီး အလုပ်လုပ်နေချိန်မှာ လက်နက်ကြီးကျည် ထိမှန်ခဲ့တာပါ။ 

မနေ့ကမနက် ၉ နာရီလောက်ကစပြီး ရေတာရှည်နယ်ထဲကိုဝင်လာတဲ့ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ချိန် စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်ရာ မောင်ဖိုးစိုးကို ထိမှန်ခဲ့တာပါ။

မနေ့ကမနက် ၉ နာရီခန့်မှာ ကား ၄ စီးလောက်၊ အင်အား ၈၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်တွေက အင်းပလက်ကျေးရွာအနီးမှာ တကြိမ်၊ မနက် ၁၀ နာရီခန့်မှာ ကွမ်းအုံကျေးရွာနဲ့ သဖန်းစင်ကျေးရွာကြား တကြိမ်နဲ့ မနက် ၁၁ နာရီလောက်မှာ သာယာကုန်းကျေးရွာနဲ့ ဒိုးတန်းကျေးရွာကြားမှာ တိုက်ခိုက်ခဲ့ရာ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

"သူတို့ မြို့က ထွက်အလာကတည်းက မိုင်းဆွဲတယ်။ ပြီးတော့ ရွာတွေဘက်ရောက်လာချိန်မှာလည်း စောင့်ကြို တိုက်ခိုက်တယ်။ မိုင်းဆွဲချိန်မှာတော့ ကားတစီးနောက်ဖင်ထိတယ်။ တိုက်ပွဲ ၂ ကြိမ်ကတော့ တကြိမ်ပဲ နာရီဝက်လောက်ကြာတယ်။ နောက်တကြိမ်ကတော့ ထိတွေ့ခဏပဲ ဖြစ်လိုက်တယ်"လို့ ရေတာရှည်ပကဖ တာဝန်ခံက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် ဒီမနက်ပိုင်းမှာတောာ့ နှောပင်ကျေးရွာမှာ ယာယီတပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10