တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး

တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး

စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေးက ထီးချိုင့်မြို့ငယ်ကလေးဟာ စစ်တပ်အာဏာမသိမ်းခင်က ငြိမ်းချမ်းလှပတဲ့ မြို့လေးတမြို့ပါ။ မြို့ပေါ်လူဦးရေ ၂၀,၀၀၀ ခန့်ရှိပြီး မြို့ခံတွေဟာ အရောင်းအဝယ်ကို အဓိကထားလုပ်ကိုင်ကြတယ်။ ထီးချိုင့်မြို့ဝန်းကျင်က ကျေးရွာတွေကလည်း ဒီမြို့ကလေးကို အားထားကာ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားရင်း စည်ကားတဲ့ ကမ်းနားမြို့ကလေးပါ။

ဒီမြို့လေးဟာ စစ်ကိုင်းတိုင်းထဲက မြို့တွေအပါအဝင် မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်က မြို့တွေနဲ့ပါ လမ်းပန်းဆက်သွယ်ရေးအရ ချိတ်ဆက်ထားနိုင်ပြီး စီးပွားရေးအရ အဓိကကျတဲ့ မြို့လေးတမြို့ပါ။

 

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းမြောက်ဘက်က ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်လာတဲ့အခါမှာတော့ ဒီလိုလမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ထီးချိုင့်မြို့လေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စစ်ရေးအရဗျူဟာကျတဲ့ မြို့လေးဖြစ်လာပြီး တိုက်ပွဲတွေကြားမှာ ပြာပုံဘဝကို ရောက်သွားရပါတော့တယ်။

 

ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက “ဒရုန်းကနေ ကြည့်ရတဲ့ပုံအရ မြို့ရဲ့  ၉၈ ရာခိုင်နှုန်းက ပျက်စီးသွားပြီ” လို့ ပြောပါတယ်။

 

၂၀၂၃ နိုဝင်ဘာ ၁၀ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက ထီးချိုင့်မြို့ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့ရာက PDF နဲ့ စစ်ကောင်စီတပ်တွေကြား မြို့ပေါ်တိုက်ပွဲတွေ စတင်ခဲ့ကြတာပါ။

 

မြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပိုင်းမှာပဲ ထီးချိုင့်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မြသိန်းတန်တောင်ကလွဲလို့ နေရာအားလုံးနီးပါးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

 

စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့အထိုင်စခန်းတွေ မဆုံးရှုံးရရေးအတွက် လက်နက်ကြီး တရစပ်အသုံးပြုခဲ့သလို လေကြောင်းပစ်ကူတွေနဲ့ မြေပြင်အင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့ကြပါတယ်။

 

အဲဒီအချိန်မှာ ထီးချိုင့်မြို့နယ်ရဲ့အနောက်ဘက်ကပ်လျက်ရှိတဲ့ ကောလင်းမြို့ကိုလက်လွှတ်ထားရတဲ့ စစ်တပ်ဟာ ထီးချိုင့်ကိုလက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူများစွာအသုံးပြုခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

 

ထီးချိုင့်မြို့ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နဲ့ နယ်မြေထိစပ်နေတာ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့တွေအပြင် ကချင်ပြည်နယ်ကိုလည်း ဆက်သွယ်နိုင်တာကြောင့် စစ်ကောင်စီရဲ့ ထောက်ပို့ရေး လမ်းကြောင်းအတွက် အချက်အချာကျပါတယ်။

 

ဒါ့အပြင် ထီးချိုင့်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမြို့ဖြစ်တာကြောင့် ရေကြောင်းလည်း အသုံးပြုနိုင်တဲ့ မြို့ပါ။

 

 လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ကျော်ကြာလာတဲ့အခါ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနား ကားလမ်းကို PDF တွေက စိုးမိုးထားတာကြောင့် စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲက သူ့ရဲ့တပ်တွေကို ထောက်ပို့ရေးလုပ်မယ်ဆိုရင် မန္တလေး-မတ္တရာ-တကောင်းဘက်ကနေ ထီးချိုင့်မြို့ကို ဖြတ်ပြီး ထောက်ပို့ရေးလုပ်နေရတာပါ။

 

အလားတူ ၂၀၂၃ နှစ်ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေပါတဲ့ စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်း အတိုင်းဆန်တက်ပြီး ထီးချိုင့်မြို့၊ မြတောင်ဆိပ်ကမ်းကနေတဆင့် လက်နက်နဲ့ လက်နက်ရိက္ခာ ထောက်ပို့ခဲ့ပါသေးတယ်။

 

ထီးချိုင့်မြို့ကို စစ်ကောင်စီလက်မလွှတ်ချင်တဲ့ နောက်ထပ်တခုကတော့ ထီးချိုင့်ဧရာဝတီမြစ်ကူးတံတားပေါ် ကနေ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေဆီက ကောက်ခံရရှိတဲ့ငွေကြေးဟာ တရက်ကို ကျပ်သိန်း ၈၀၀ ကနေ သိန်း ၁,၀၀၀ အထိရှိတာကြောင့်လို့ ထီးချိုင့်မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

 

အထက်ပါအကြောင်းအရင်းတွေကြောင့်လည်း စစ်ကောင်စီဟာ ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ထဲ မရောက်သွားရေးကို အသည်းအသန်ကာကွယ်နေကြတာလို့ ထီးချိုင့်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

 

ထီးချိုင့်မြို့ဟာ စစ်ကောင်စီအတွက်ရော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအတွက်ပါ သိမ်းပိုက်ဖို့ လိုအပ်နေတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးအကြီးဆုံးအချက်က စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်က စစ်ကောင်စီလက်အောက်ခံတပ်တွေရဲ့ ထောက်ပို့ရေးလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်ဖို့ပါပဲ။  

 

ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မန္တလေးမြို့အထိ ဆင်းနိုင်တော့မှာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ထဲမှာ အခြေချလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တဦးက ပြောပါတယ်။

 

"ဒီလမ်းက ဒေသအကုန်လုံးကို ဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်။ ဒီနေရာကိုသာ သိမ်းထားနိုင်ရင် နယ်မြေအားလုံးနဲ့ ချိတ်ဆက်ပြီး တော်လှန်ရေးလုပ်ငန်းတွေ ပိုပြီးလွယ်လွယ်ကူကူလုပ်နိုင်မယ်" လို့ သူက ဆက်ပြောပါတယ်။

 

နိုဝင်ဘာ ၁၀ ရက်ကနေစတင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ နိုဝင်ဘာ ၁၅ ရက်မှာ ရပ်နားခဲ့ပါတယ်။ ဒါပေမဲ့  နိုဝင်ဘာ ၃၀ ရက်မှာ တိုက်ပွဲတကျော့ပြန်စတင်လာပြီး လက်ရှိအချိန်ထိ ၂ ရက်မှာ ၁ ကြိမ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထီးချိုင့်မြို့နယ်ပကဖအဖွဲ့ဝင်ဦးက ပြောပါတယ်။

 

စစ်တပ်ကလည်း တိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ဒီနေ့အထိ ၄ လအကြာ နေ့စဥ်နီးပါး ထီးချိုင့်မြို့နဲ့ အနီးတဝိုက် ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေသလို ထီးချိုင့်မြို့ပေါ်ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ထီးချိုင့်မြို့နယ်ပကဖဆီက ရတဲ့စာရင်းအရ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂ လအတွင်း ထီးချိုင့်မြို့ပေါ်က ပြည်သူတွေနဲ့ မြို့အနီးဝန်းကျင်ကျေးရွာက ပြည်သူစုစုပေါင်း ၁၂၀ ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပါတယ်။

 

ပြည်သူ ၁၂၀ ကျော်ထဲက ၅ ဦးခန့်သာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးတာဖြစ်ပြီး ကျန် ၁၀၀ ကျော်ဟာ မြို့ပေါ်လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ ထီးချိုင့်မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ဆိုပါတယ်။

 

လက်ရှိထီးချိုင့်မြို့ပေါ်မှာ ထီးချိုင့်မြို့ဂေါက်ကွင်း၊ မြသိန်းတန်တောင်နဲ့ အထပ်မြင့်အဆောက်အဦတချို့မှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ လောက်နဲ့ နေရာယူထားတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

 

အလားတူ ထီးချိုင့်မြို့ရဲ့အရှေ့ဘက်ကမ်း မြတောင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ အင်အား ၃၀၀ လောက်နဲ့ အခိုင်အမာ တပ်စွဲထားတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။

 

အဲဒီစစ်တပ်အထိုင်စခန်းတွေမှာ ၁၂၀ မမအပါအဝင် လက်နက်ကြီးတွေတပ်ဆင်ထားပြီး အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီလိုတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ULA/ AA KIA နဲ့ PDF တွေက မိုင်ဝက်အကွာကနေ ပြန်လည် ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်။

 

ထီးချိုင့်မြို့နယ်ပကဖအဖွဲ့တဦးကတော့ ထီးချိုင့်မြို့သိမ်းနိုင်ရေးနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

 

 "သူတို့ဘယ်လိုပဲအင်အားတိုးပြီးကာကာ မြို့ကိုရအောင်ပြန်ယူမယ်"

 

 

#မြေလတ်အသံ

#ဆောင်းပါး #စစ်ကိုင်း #ဧရာဝတီမြစ် #ထီးချိုင့် #စစ်ပွဲ #မြို့သိမ်းတိုက်ပွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10