တိုက်ပွဲကြား၊ သံတိုင်ကြားက လွတ်မြောက်လာတဲ့ စုတ်တံတချောင်း (ရုပ်ပုံလွှာ)

တိုက်ပွဲကြား၊ သံတိုင်ကြားက လွတ်မြောက်လာတဲ့ စုတ်တံတချောင်း (ရုပ်ပုံလွှာ)

 

သံတွဲအကျဉ်းထောင်မှာ ဇူလိုင် ၁၁ ရက် မနက် ၁၀ နာရီလောက်ကတည်းက အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား နှစ်ဘက်တိုက်ပွဲတွေ စတင်ခဲ့ကြတာပါ။ အပြန်အလှန်ပစ်ခတ်ပေါက်ကွဲသံတွေက အဆက်မပြတ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတွဲအကျဉ်းထောင်ကို ခံတပ်ကြီးတခုလို ပြင်ဆင်ခဲ့ကြတာပါ။

တိုက်ပွဲဖြစ်ပွားတဲ့အခါ အဓိက တိုက်ခိုက်ခံနေရတာက စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ သံတွဲအကျဉ်းထောင်ဝင်ပေါက် ထောင်ဘူးဝတည့်တည့်က ဗဟိုကင်းအဆောက်အဦပါ။

ဗဟိုကင်းအဆောက်အဦရဲ့ အရှေ့တောင်ဘက်မှာက အမျိုးသမီးအကျဉ်းဆောင်ရှိပါတယ်။ အဲဒီအထဲမှာ အမျိုးသမီး အကျဉ်းသူ ၄၇ ယောက်ရှိပြီး နိုင်ငံရေးအကျဉ်းသူ မဒေးဒေးလည်း ရှိနေခဲ့တာပါ။ သူတို့အားလုံးဟာ ကျည်ကွယ်ရာ အကျဉ်းဆောင်ရဲ့ ထောင့်တနေရာမှာ စောင်တွေခြုံပြီး မျက်နှာကို ကြမ်းပြင်နဲ့အပ်ပြီး ဝပ်လို့နေကြပါတယ်။

အမျိုးသမီးနှစ်ထပ်ဆောင်ရဲ့ အပေါ်ထပ်ကတော့ အားလုံးနီးပါးပျက်စီးလို့နေပါပြီ။ သူတို့အကာအကွယ်ယူ ထားတဲ့ အုတ်နံရံကြီးရဲ့ တဖက်မှာက ပစ်ခတ်ပေါက်ကွဲသံတွေနဲ့ ဆူညံကာ ကမ္ဘာပျက်နေသလိုပါပဲ။ လက်နက်ကြီးတွေ ပစ်ခတ်လိုက်တိုင်း အဆောက်အဦတွေဟာ သိမ့်ကနဲ၊ သိမ့်ကနဲ တုန်လို့သွားပါတယ်။ 

အချိန်ကြာလာတာနဲ့အမျှ အကျဉ်းသူအားလုံးကို အကာအကွယ်ပေးထားတဲ့ တခုတည်းသော အုတ်နံရံကြီးဟာ ပက်ကြားအက်တွေ ဖြစ်လို့လာပါတယ်။ အဲဒီအခါ အကျဉ်းသူ ၂ ဦးဟာ နံရံမှာအကာအကွယ်ယူနေရာကနေ ရှေ့နားက ၁ ပေကျော်ကျော်မြင့်တဲ့ အင်္ဂတေအောက်ခြေမှာ ဝမ်းလျားမှောက် ပုန်းခိုလိုက်ကြပါတယ်။ သူတို့အကာအကွယ်ယူထားတဲ့နေရာဟာ အကျဉ်းအဆောင်သံတိုင်တွေရဲ့ အောက်ခြေ အုတ်ခံအကွယ်မှာပါ။ 

ရုတ်တရက်ကြည့်လိုက်ရင် အုတ်ခံထူထူကြီးက သူတို့နှစ်ယောက်ကိုလည်း အပြည့်အဝအကာအကွယ် ပေးနိုင်လိမ့်မယ်လို့ ထင်ရပေမယ့် သူတို့နှစ်ယောက် ကံဆိုးခဲ့ကြပါတယ်။ 

သူတို့ရောက်သွားပြီး သိပ်မကြာလိုက်ခင်မှာပဲ လက်နက်ကြီးကျည်ဆန်တလုံးဟာ “ကလောင်၊ ကလောင်” ဆိုတဲ့ အသံနဲ့အတူ အမျိုးသမီးအဆောင်ရဲ့ အပြင်ဘက်၊ သံတိုင်တွေရဲ့ အောက်ခြေအုတ်ခံ အနားကို ရောက်လာပါတယ်။ ကျည်ဆန်က ငှက်ပျောဖူးသဏ္ဍာန် RPG ကျည်ဆန်။

“ဖုန်း” ဆိုတဲ့ ပေါက်ကွဲသံနဲ့အတူ ပတ်ဝန်းကျင်တခုလုံး ဖုန်မှုန့်တွေ ဖုံးလွှမ်းတယ်။ နားနှစ်ဘက်ကို လက်နဲ့ ပိတ်ထားတဲ့ကြားက ကြားလိုက်ရတဲ့ပေါက်ကွဲသံကြီးဟာ နားကွဲမတတ်ပါပဲ။ လက်နက်ကြီးပေါက်ကွဲတဲ့နေရာက မဒေးဒေးတို့ ပုန်းခိုနေတဲ့နေရာနဲ့ ၅ ပေ အကွာလောက်သာ ဝေးတာပါ။ စောင်တွေခြုံထားတဲ့သူတို့ဆီကို အင်္ဂဒေအစတွေလာမှန်ခဲ့ပြီး ကိုယ့်ကိုထိသွားပြီလားလို့ ပြန်ကြည့်ခဲ့ကြရပါတယ်။ 

“အဲဒီအချိန်မှာ မျက်စိဖွင့်ကြည့်လိုက်တဲ့အခါ ဘာမှ မမြင်ရတော့ဘူး။ ဘိလပ်မြေမှုန့်တွေနဲ့ နှင်းတွေကျနေသလို ဖြူဖွေးနေတာ။” လို့ လက်နက်ကြီးပေါက်ကွဲပြီးနောက် မြင်ရတဲ့ မြင်ကွင်းကို မဒေးဒေးက ပြောပြပါတယ်။ 

ခဏအကြာမှာတော့ “ထိသွားပြီ၊ မလှုပ်တော့ဘူး၊ မလှုပ်တော့ဘူး။” ဆိုတဲ့အော်သံတွေ ဆူဆူညံညံကြားလိုက်ရတယ်။ သူ့အရှေ့နားကိုလှမ်းကြည့်လိုက်တော့ စောစောက နေရာပြောင်းပုန်းလိုက်ကြတဲ့ အမျိုးသမီး ၂ ဦးဟာ သွေးတွေ၊ ဖုန်မှုန့်တွေနဲ့ လူးလို့ နေပါတယ်။ 

“ ၂ ယောက်စလုံးငြိမ်သွားတဲ့အတွက် သေသွားပြီလို့ ထင်လိုက်ပေမယ့် နာရီဝက်လောက်အကြာမှာတော့ သတိအတူတူရလာပြီး ရေတောင်းတယ်၊ ကယ်ဖို့တောင်းဆိုတယ်၊ ကယောင်ကတမ်းစကားတွေ ပြောနေကြတယ်။” လို့ လွန်ခဲ့တဲ့ ၇ လလောက်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တခုကို မဒေးဒေးက ပြန်ပြောပြပါတယ်။ 

အဲဒီအခိုက်အတန့်မြင်ကွင်းဟာ မဒေးဒေးအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ မြင်ကွင်းတခုပါပဲ။ အရင်ကဆိုရင် ဒီအဖြစ်အပျက်ကို ပြန်ပြောဖို့ မဆိုထားနဲ့ ပြန်တွေးဖို့တောင် ခံနိုင်ရည်မရှိဘူးလို့ သူက ဆိုပါတယ်။ 

မဒေးဒေးဟာ ရခိုင်ပြည်၊ သံတွဲမြို့ဇာတိပါ။ သံတွဲမြို့မှာ ဆူရှီဆိုင်ဖွင့်သလို တဖက်မှာလည်း သူဝါသနာပါရာ ပန်းချီနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတဦးပါ။ သူဟာ စစ်ရှောင်ကူညီရေးနဲ့ ငြိမ်းချမ်းလှုပ်ရှားမှုတွေမှာ ပါဝင် ကူညီပေးခဲ့ဖူးတာကလွဲလို့ နိုင်ငံရေးလုပ်သူတယောက်မဟုတ်ပါဘူး။

၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့နောက်မှာတော့ သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တတ်အားသ၍ ပါဝင်ခဲ့ပါတယ်။ သံတွဲမြို့ပေါ်ဆန္ဒပြမှုတွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး သံတွဲမြို့ပေါ်မှာ အာဏာပိုင်တွေက ဆန္ဒပြမှုတွေကို တားမြစ်လိုက်တဲ့နောက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကမ်းပိန်းတွေမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။ 

တက်တူးကမ်းပိန်း၊ ဟမ်ဘာကာကမ်ပိန်း၊ ပန်းသပိတ်နဲ့ ကမ်းခြေကမ်းပိန်စတဲ့ ကမ်ပိန်းတွေကိုလုပ်ရင်း စစ်အာဏာရှင်ကို ကန့်ကွက်ကြောင်းဆန္ဒပြကာ တော်လှန်ရေးသွေးမအေးသွားဖို့ ကြိုးပမ်းအားထုတ်ခဲ့တယ်။

ပြီးတော့ CDM လုပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကိုထောက်ပံ့ဖို့ ကူညီပေးတာ၊ တော်လှန်ရေးရန်ပုံငွေအတွက် လှူကြ၊ ကူကြဖို့ နှိုးဆော်ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

၂၀၂၂ ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီလောက်မှာတော့ မဒေးဒေးရဲ့ ဆူရှီဆိုင်ထဲကို သံတွဲမြို့မရဲစခန်းက စခန်းမှူး၊ အမျိုးသမီးရဲမေ ၁ ဦး၊ သံတွဲမြို့၊ အမှတ် ၃ ရပ်ကွက်ဥက္ကဌနဲ့ အမျိုးသား ၂ ဦးတို့ ဝင်လာပါတယ်။

 “မဒေးဒေး ရှိလား” လို့မေးပြီး ဝင်လာခဲ့တာပါ။ 

မီးဖိုချောင်ထဲရောက်နေတဲ့ မဒေးဒေးက ဆိုင်ရှေ့ထွက်လာတဲ့အခါမှာတော့ “ဒီအကောင့်က မဒေးဒေးအကောင့်လား” လို့ဆိုပြီး စခန်းမှူးက သူ့ကိုအကောင့်ကိုပြကာ မေးပြီးတော့ သူ့ဖုန်းထဲက စကန်ရှော့တခု ပြပါတယ်။ ထောက်ပို့မဲရောင်းတဲ့ပို့စ်ကို မဒေးဒေး ပြန်ရှဲလ်ထားတဲ့ စကန်ရှော့ပါ။ 

ဒီစကန်ရှော့နဲ့ တိုင်တန်းတဲ့သူရှိတဲ့အတွက် စစ်ဆေးစရာရှိလို့ ရဲစခန်းခဏလိုက်ခဲ့ပါဆိုပြီး မဒေးဒေးကို ခေါ်သွားပါတော့တယ်။ ဈေးဆိုင်ကနေ သံတွဲမြို့မရဲစခန်းကိုရောက်တဲ့အခါ မဒေးဒေးကို ကိုဗစ်စစ်ဆေးတယ်။ တရားရုံးကိုသွားပြီး ရမန်ယူတယ်။ 

မဒေးဒေးဆီကနေ ဖုန်းတောင်းပြီးတော့ စစ်ဆေးတယ်။ ထောက်ပို့ရေးလုပ်တဲ့ပိုက်ဆံတွေ ဘယ်မှာထားလဲမေးတယ်။ သူတို့ စွပ်စွဲတဲ့ ထောက်ပို့လုပ်တယ်ဆိုတဲ့ အထောက်အထားတခုမှ မတွေ့ဘူး။ ဘဏ်မှာ ငွေသွင်းငွေထုတ် မှတ်တမ်းတွေလည်း မရှိပါဘူး။ 

ဒါပေမဲ့ သူ့ဖေ့ဘွတ်အကောင့်မှာ အာဏာသိမ်းစကာလက စစ်တပ်အာဏာသိမ်းမှုကို မလိုလားကြောင်း တင်ထားတဲ့ပို့စ်၊ မင်းအောင်လှိုင်ကို ဆဲထားတဲ့ပို့စ်၊ သံတွဲမြို့ပေါ်မှာ ဆန္ဒပြစဉ်က ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီဆွဲထားတဲ့ကိစ္စတွေကို ပြစ်မှုကြီးအဖြစ်ချဲ့ကာ အကြောင်းပြပြီး အမှုတည်ဆောက်တယ်လို့ မဒေးဒေးက ဆိုပါတယ်။ 

“တချို့ဟာတွေ ဖျက်ထားပေမယ့် တချို့ဟာတွေကို Only me လုပ်ထားတာရှိတယ်။ သူက အဲဒါတွေကို လိုက်ကြည့်တော့ အများကြီးဖြစ်သွားတာ။” လို့ မူလက လာရောက်ဖမ်းဆီးတဲ့အချက်မဟုတ်တော့ဘဲ အမှုကိုလိုသလို ဆွဲယူတည်ဆောက်လိုက်တဲ့ဖြစ်စဉ်ကို သူကရှင်းပြပါတယ်။ 

ရဲစခန်းရောက်ပြီး ၁ နာရီလောက်အကြာမှာတော့ သူ့ကို အချုပ်ထဲ ထည့်လိုက်ပါတော့တယ်။ 

အဖမ်းခံရတဲ့နေ့က အမေနဲ့တွေ့ခွင့်ရပေမယ့် နောက်ရက်တွေမှာ တွေ့ခွင့်မရတော့ပါဘူး။ ဒါပေမဲ့ မဒေးဒေးရဲ့ အမေက ရဲစခန်းကဝန်ထမ်းတချို့ကို အစားအသောက်တွေပေး၊ ပိုက်ဆံတွေပေးလိုက်တဲ့အခါ ပြန်တွေ့ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ 

“အမေကတော့ မရမက ကြိုးစားတယ်။ ဝင်ရဖို့အတွက် ဆေးလိပ်ဘူးတွေ၊ ကွမ်းယာတွေ ယူလာပေးတယ်။ တွေ့တယ်။ သူများ ငါးမိနစ်ဆိုရင် သူ(အမေ)က နေချင်သလောက်နေပြီးမှ ပြန်တယ်။” လို့ သမီးနဲ့တွေ့ရဖို့ ကြိုးစားခဲ့တဲ့အမေဖြစ်သူရဲ့ အဖြစ်ကို မဒေးဒေးက ရယ်မောလျက် ပြောပြပါတယ်။ 

အချုပ်ထဲမှာရှိနေတဲ့အချိန် ရဲစခန်းမှူးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က စစ်ဆေးမေးမြန်းမှုတချို့ ပြုလုပ်ပါတယ်။ ရိုက်နှက်တာမျိုးမလုပ်ပေမယ့် ဒူးထောက်၊ လက်မြှောက်ခိုင်းပြီး ဓာတ်ပုံရိုက်တဲ့အချိန်မှာ သံတွဲမြို့က စရဖဝန်ထမ်းတဦးက မဒေးဒေးကို အတင်းအဓမ္မဆဲဆို ဒူးထောက်၊ လက်မြှောက်ခိုင်းတဲ့အတွက် လက်မောင်းနဲ့ ဒူးမှာ ဒဏ်ရာတွေရခဲ့တယ်လို့ သူက ဆိုပါတယ်။

“မကြားဝံ့မနာသာစကားတွေ ပြောတယ်။ ငါက အဲဒါမျိုးမှ တွေ့ချင်တာ။ ဘယ်သူ့ကိုရောင်းတာလဲ ဆိုတာမျိုးစစ်တယ်။ ရိုက်မယ်နှက်မယ်၊ စစ်ကြောရေးပို့မယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်။ ခဏခဏအဲဒါကိုပြောတယ်၊ မပို့ခံရပေမယ့် စိတ်ပူရတာပေါ့။” လို့ တမြို့တည်းသားအချင်းချင်း အနိုင်ကျင့်ခဲ့တဲ့အပေါ် မဒေးဒေးက ပြောပါတယ်။ 

သူဟာ ရဲစခန်းအချုပ်မှာ တလကြာနေပြီးနောက် သံတွဲထောင်အချုပ်ကို ပြောင်းလိုက်ရပါတယ်။ ရဲစခန်းအချုပ်မှာ မိခင်ဖြစ်သူနဲ့တွေ့ရပေမယ့် သံတွဲထောင်အချုပ်ပြောင်းတဲ့အခါမှာတော့ ကိုဗစ်စည်းကမ်းတွေကြောင့် ထောင်ဝင်စာ ပေးတာကလွဲလို့ မိသားစုနဲ့ လုံးဝတွေ့ခွင့်မရခဲ့ပါဘူး။ 

ပြီးတော့ ထောင်အချုပ်ကိုပြောင်းလိုက်တဲ့အခါမှာ အမိန့်မချသေးပေမယ့် အကျဉ်းကျထောင်သားတယောက်လို နေခဲ့ရတယ်လို့ သူကဆိုပါတယ်။  

“ထောင်ချုပ်ရောက်တယ်ဆိုပေမယ့် ထောင်ကျတာပါပဲ။ ကိုယ့်ဆီက အခြေအနေဆိုတော့၊ ရောက်တာနဲ့ အလုပ် လုပ်ပဲ။ မြောင်းတွေ တိုက်ခိုင်း၊ အုတ်နံရံက ရေညှိတွေကို ခွာခိုင်းပေါ့။” လို့ သူက ပြောပါတယ်။ 

သံတွဲအကျဉ်းထောင်ကို ပြောင်းလိုက်တဲ့အချိန်မှာ သူဟာ ပန်းနာရင်ကျပ်ဝေဒနာကို ခံစားနေရပြီး အသက်ရှုမဝ ဖြစ်နေတဲ့အချိန်ပါ။ ထောင်ထဲရောက်ပြီး ၂ ရက်မြောက်တဲ့နေ့ အကျဉ်းဆောင်အပေါ်ထပ်ကို တက်တဲ့အချိန် လှေခါးပေါ်ကနေ နောက်ပြန်လန်ကျပြီး သတိမေ့သွားခဲ့သေးတယ်လို့ မဒေးဒေးက ဆိုပါတယ်။ 

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ သူ့အတွက် ထောင်ထဲမှာ ပထမဆုံးကြုံရတဲ့အခက်အခဲက ထောင်ထမင်းစားရတာပဲလို့ သူက ဆိုပါတယ်။ ထောင်ကပေးတဲ့ ထမင်းထဲမှာ ဆန်ပိုးမည်းမည်းလေးတွေပါသလို လောက်လို ပိုးကောင်လေးတွေကိုလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ကျောက်ခဲ၊ စပါးလုံးတွေလည်းပါ ပါသေးတယ်။ 

“ထိုင်ရွေးလို့ ပန်းကန်နှုတ်ခမ်းတင်ထားရင် ပန်းကန်နှုတ်ခမ်းအကုန်ပြည့်သွားတာ။ ဗိုက်ဆာတဲ့သူတွေကျတော့ မရွေးတော့ဘူးပေါ့၊ ဒီအတိုင်းစားတယ်။ ကိုယ်တွေကျ ရုတ်တရက်ဆိုတော့ အဲဒီ ထမင်းမစားနိုင်ဘူး။ ပြီးတော့ တအားမာတယ်။ ပူတုန်းအချိန်မှာတော့ ထမင်းက အိသလိုမျိုးနည်းနည်းစားလို့ ရသေးတယ်။ ထမင်းအေးသွားတဲ့အချိန် အဲဒီထမင်းကို ကိုင်ပြီး ပန်းကန်ထဲပြန်ချရင် ‘ဂလောက်’၊ ‘ဂလောက်’ နဲ့ကို ကျတာ။” လို့ သံတွဲထောင်ကကျွေးတဲ့ ထမင်းအခြေအနေကို သူက ရှင်းပြပါတယ်။ 

အစာအိမ်မကောင်းသလို ကျန်းမာရေးလည်းချူချာနေတာကြောင့် ထောင်ထဲရောက်ခဲ့တဲ့အစောပိုင်းကာလတွေမှာ ထောင်ပိုင်ကြီးရဲ့ ခွင့်ပြုချက်နဲ့ အိမ်ထမင်း၊ အိမ်ဟင်းတွေစားခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ “သူ(ထောင်ပိုင်ကြီး)ပြောင်းသွားတော့ မရပြန်ဘူး။ ၂ နှစ်အတွင်းမှာ ထောင်ပိုင် ၃ ယောက် ပြောင်းတယ်။” လို့ မဒေးဒေးက ဆိုပါတယ်။  

ဖမ်းဆီးခံရတဲ့အချိန်ကစလို့ ၅ လကြာ အမှုရင်ဆိုင်ပြီးတဲ့နောက် ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်မှာ မဒေးဒေးကို အကြမ်းဖက်မှုပုဒ်မ ၅၀-ည နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ တရားရုံးဘက်ကနေ ရုံးချိန်းမပြောဘဲ ချက်ချင်းအမိန့်ချခဲ့တာကြောင့် တရားခွင်မှာ ချက်ချင်းရောက်လာတဲ့ မိခင်တဦးကလွဲလို့ မိသားစုဝင် အသိမိတ်ဆွေတွေ တဦးတယောက်မှ ရှိမနေခဲ့ပါဘူး။

လွတ်မြောက်ဖို့လမ်း မရှိတော့တဲ့အခြေအနေတခုမှာ အဲဒီလိုအမိန့်ချလိုက်တာဟာ အကောင်းဆုံးပဲလို့ သူက ယူဆပါတယ်။ တရားရုံးထုတ်တဲ့အချိန်တွေမှာ မိခင်နဲ့မိသားစုဝင်တွေအပါအဝင် ကိုယ်တိုင်လည်းပင်ပန်းတာကြောင့် မြန်မြန်အမိန့်ချလိုက်တာက ပိုကောင်းတယ်လို့ သူကဆိုပါတယ်။

“ချလိုက်တော့လည်း အမြန်လွတ်ဖို့ နီးသွားတယ်ပေါ့။” လို့ သူက မှတ်ချက်ပြုပါတယ်။

သံတွဲအကျဉ်ထောင်ထဲမှာ သူ့အရင်ကြိုရောက်နေပြီးသား အမျိုးသမီးနိုင်ကျဉ်း မိတ်ဆွေတွေလည်း ရှိနေပါသေးတယ်။ အားလုံးဟာ သူ့လိုပဲ စစ်ကောင်စီရဲ့ အကြမ်းဖက်ပုဒ်မ ၅၀-ည နဲ့ ထောင် ၁၀ နှစ်ကျခံနေရသူတွေပါ။

သူတို့နဲ့က အကျဉ်းဆောင်အပေါ်ထပ်၊ အောက်ထပ် လူခွဲထားပါတယ်။ အထူးသဖြင့် ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျသူတွေကို အတူမထားတဲ့အပြင် အလုပ်လုပ်တဲ့အခါမှာတောင် ပူးကပ်သွားတာမျိုး မလိုလားဘူးလို့ မဒေးဒေးက ပြောပါတယ်။ 

ဒါကြောင့် ပြောစရာရှိတဲ့အခါ အိမ်သာမှာတွေ့ဖို့ ချိန်းဆိုရပါတယ်။ အိမ်သာတွေက ဘေးချင်းကပ်လျက်ရှိနေတာကြောင့် အိမ်သာထဲဝင်ထိုင်ပြီး စကားပြောကြရတယ်လို့ ဆိုပါတယ်။ 

မဒေးဒေးနေရတဲ့အဆောင်ဟာ သံတွဲအကျဉ်းထောင်ဝင်ပေါက် ဘယ်ဘက်ရှိ ၂ ထပ်အဆောက်အဦရဲ့ အပေါ်ထပ်ပါ။ အဆောင်အပေါ်ထပ်က ဟောခန်းကျယ်ထဲမှာ အမျိုးသမီးအကျဉ်းသူအားလုံး ၁၀၀ နီးပါးခန့် ရှိပါတယ်။ ဟိုဘက်ခေါင်းထိုး၊ ဒီဘက်ခေါင်းထိုး ခြေချင်းဆိုင်ထားတဲ့ပုံစံမျိုးနဲ့ အတန်းလိုက် ၂ တန်းခွဲထားပြီး အလယ်မှာ ၁ ပေခန့်အကျယ် လျှောက်လမ်းတခုရှိတယ်။ 

သမံတလင်းဖြစ်တာကြောင့် အိပ်တဲ့နေရာမှာ ၄ လက်မလောက်မြင့်တဲ့ သစ်သားအခင်း ခင်းထားပါတယ်။ သစ်သားပျဉ်ကြားမှာ ကြမ်းပိုးတွေ ခိုအောင်းနေတာကြောင့် အောက်မှာ ကော်ဇောလေးတခု ထပ်ခင်းရပါတယ်။ အိပ်တဲ့အခါ ၁ ပေကျော်ကျော် လူးလွန့်ရုံသာအကျယ်မှာ အားလုံးက ပူးကပ်အိပ်ကြရတယ်လို့ မဒေးဒေးက ဆိုပါတယ်။

သူတို့ဟာ မနက် ၅ နာရီဆို အိပ်ယာထပြီး ဘုရားရှိခိုးရပါတယ်။ အဆောင်အပြင်မှာ ညစောင့်နဲ့ မနက်စောင့် တာဝန်ချိန်းပြီး ထောင်ဝန်ထမ်းအရာရှိအမျိုးသမီးလာတဲ့အထိ ကိုယ့်နေရာမှာကိုယ် ပုံစံထိုင်နေရပါတယ်။

“အရာရှိမ ဝင်လာမှ တံခါးဖွင့်တာ၊ အဲဒီအချိန်မှ မျက်နှာသစ်ရတာ။” လို့ မဒေးဒေးက ပြောပါတယ်။ 

မျက်နှာသစ်ပြီးသွားပါက ဆန်ပြုတ်ဝေပါတယ်။ 

“ဆန်ပြုတ်ဆိုတာ ညကကျန်တဲ့ထမင်းကြမ်းနဲ့ ရေနွေးနဲ့ရောထားတာ။ တခါတလေကျ မကျက်တကျက်၊ တခါ တလေ ပျော့ပြဲနေတာ။ တခါတလေတော့ ဆန်စေ့အတိုင်းပေါ့။” လို့ ထောင်ကပေးတဲ့ မနက်စာဆန်ပြုတ်ရဲ့ ပုံစံကို မဒေးဒေးက ရှင်းပြပါတယ်။

ဆန်ပြုတ်ယူရတဲ့အခိုက်အတန့်ဟာ သူ့အတွက် ထောင်ထဲမှာ ပထမဆုံးအသားမကျရတဲ့ အခိုက်အတန့်တခုဖြစ်တယ်လို့ မဒေးဒေးက ဆိုပါတယ်။

ကိုယ့်အိမ်က စားစရာတွေ ဘယ်လိုပင်ပို့ထားတယ်ဆိုစေ အဲဒီဆန်ပြုတ်ကို မစားချင်၊ မယူချင်သော်လည်း မဖြစ်မနေ တန်းစီယူပေးရတာပါ။ 

“မယူလည်းစီရတယ်၊ ထိုင်နေရင် တန်းထဆိုပြီး လာပြောလိမ့်မယ်။ နေမကောင်းလည်း ထစီရတယ်။ အဲဒီအချိန်မှာ ပထမဆုံးအသား မကျတာ အဲဒါပဲ။ တအားငိုချင်တယ်။ ဘယ်လိုကြီးလဲပေါ့၊ ငါက ဒီနေရာမှာလာပြီး ဘာလို့ သိမ်သိမ်ငယ်ငယ်နဲ့  ငုတ်တုတ်ထိုင်နေရတာလဲ။” လို့ အဲဒီအချိန်မှာ ခံစားရတာကို မဒေးဒေးက ပြန်ပြောပါတယ်။

ဆန်ပြုတ်စားပြီးပါက အားလုံးတန်းပြန်စီ။ ပြီးရင် အလုပ်တာဝန်တွေ ခွဲဝေပေးပါတယ်။ စိုက်ခင်းမှာ မြက်နုတ်၊ ရေလောင်း၊ အဆောင်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေး စတာတွေလုပ်ရပါတယ်။ 

စိုက်ခင်းတွေကို ဆောင်းနဲ့နွေမှာ အဓိက စိုက်ပျိုးကြပြီး စိုက်ပျိုးတဲ့အခါမှာလည်း အကျဉ်းသူတွေဆီက ငွေကြေးတောင်းခံကာ မျိုးစေ့ဝယ်ပါတယ်။ ပြီးရင် အကျဉ်းသူတွေက စိုက်ပျိုးတာ၊ ရေလောင်းတာနဲ့ သီးပင် စားပင်တွေ ရှင်သန်အောင် ပြုစုပျိုးထောင်ရပါတယ်။ 

သီးနှံတွေထွက်လာတဲ့အခါ အကျဉ်းသူတွေကပဲ ခူးဆွတ်ပြီး ထောင်ဝန်ထမ်းတွေကို ပေးလိုက်ရပါတယ်။

စိုက်ခင်းကထွက်လာတဲ့ သီးနှံတွေကို ထောင်ဝန်ထမ်းတွေကပဲ ဝေပုံကျခွဲယူကြတဲ့အကြောင်းကို မဒေးဒေးက အခုလို ရှင်းပြပါတယ်။

“ထောင်ကလူတွေ မစားရဘူး။ သူတို့ယူပြီးစားတယ်၊ ရောင်းတယ်။ ကိုယ်တွေ စိုက်၊ နုတ်ပေး၊ ပြီးရင် သူတို့တွေက ဝေပုံကျ ယူသွားကြတာ။ ကိုယ်က စားချင်ရင် ဝန်ထမ်းတွေဆီကနေ ပြန်ဝယ်ရတယ်။”

အလုပ်တာဝန်တွေပြီးသွားတဲ့အခါ မနက် ၁၀ နာရီခွဲမှာ ထမင်းစားကြရပါတယ်။ အဆောင်ရှေ့ ကွက်လပ်မှာ ထမင်းဝေတယ်။ ထောင်ထဲမှာ ထမင်း၊ ပဲဟင်း၊ ငါးပိကြော်၊ အသားဟင်း စတဲ့ဟင်းလျာတွေ ကျွေးဖို့သတ်မှတ်ထားပေမယ့် တကယ်တမ်းမှာ ထမင်းနဲ့ပဲဟင်းပဲ အများဆုံးကျွေးပါတယ်။ 

ထမင်းနဲ့ ပဲဟင်း ၂ မျိုးသာ အများဆုံးပေးတဲ့အတွက် ထမင်း၊ ဟင်း၊ ဟင်းချိုအကန့်တွေပါတဲ့ ချစ်တီးထမင်း ပန်းကန်တွေရှိသော်လည်း အသုံးမဝင်ဘဲ အဆောင်ရဲ့ ထောင့်တနေရာမှာ အပုံလိုက်ထားတာ တွေ့ရတယ်လို့ မဒေးဒေးက ဆိုပါတယ်။ 

စတီးနဲ့ လုပ်ထားတဲ့ ချစ်တီးပန်းကန်တွေရှိပေမယ့် တခါမှ မစားခဲ့ရတဲ့အဖြစ်ကို သူက အခုလို ရှင်းပြပါတယ်။ 

“အဲဒါနဲ့ တကြိမ်မှ မစားခဲ့ရဘူး။ ဘာထည့်စားဖို့ အဲဒါနဲ့ စားရမှာလဲ။”

၂၀၂၃ မှာ ကြက်သား၊ ကြက်ဥ စားလိုက်ရသေးသော်လည်း ၂၀၂၄ မှာ ဘာမှ မရတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

“တခါတလေ ငါးအပေါစားတွေ ပေးတယ်။ အကောင်တွေ တက်ရင် တက်နေတတ်တယ်။” လို့ သူက ဆိုပါတယ်။

အိမ်ကပို့လာတဲ့ ထောင်ဝင်စာတွေကို တချို့ထောင်ဝန်ထမ်းတွေက နှိုက်ယူထားတာမျိုးလည်း ရှိပါသေးတယ်။ ထောင်ဝင်စာလာပို့တဲ့အရေအတွက်ပျောက်ဆုံးလို့ တိုင်ကြာရင်လည်း စိစစ်ပေးတာမျိုးလုပ်ပေးပေမယ့် ထောင်ဝင်စာ နှိုက်စားတာမျိုးတွေက ပျောက်မသွားပါဘူး။

“အပေါက်ဝမှာ ထမင်းဒုံကြီး တဒုံနဲ့ ဇွန်းတွေတပ်ပြီး တော့လေ။ ယူတယ်၊ အသားကြော်ဘူးတွေ နှိုက်ယူစား တယ်။ ဟိုနည်းနည်း ဒီနည်းနည်း ဘုန်းကြီးပွဲလိုယူထားတာ။ ဟင်းအိတ်တွေပြေလာ၊ ဟင်းတွေထွက်ကျ ဘယ်လောက်ပဲ အိမ်က သပ်သပ်ရပ်ရပ် လုပ်ပေးလုပ်ပေး။” လို့ သံတွဲထောင်ဝန်ထမ်းတချို့ ထောင်ဝင်စာနှိုက်စားတဲ့အဖြစ်ကို မဒေးဒေးက ရှင်းပြပါတယ်။ 

ထမင်းစားပြီးပါက တန်းပိတ်ပြီး အနားပေးပါတယ်။ ပြီးရင် ၂ နာရီမှာ တန်းပြန်ဖွင့်ပြီး ၅ နာရီအထိအလုပ်လုပ်ရတယ်။ 

“အလကားနေ ခိုင်းနေတာ၊ အလုပ် မလုပ်နိုင်တဲ့သူဆိုရင် သံတိုင်တွေကို ထိုင်ပွတ်ခိုင်းနေတာ” လို့ သူက ပြောပါတယ်။ 

ညနေ ၅ နာရီကျော် တန်းပိတ်ပြီး ဘုရားရှိခိုးပြီးပါက ထောင်ရဲ့စည်းကမ်းချက်တွေကို ရွတ်ဆိုကြရတယ်လို့ ဆိုပါတယ်။ နံပါတ် ၁ တဆောင်နဲ့ တဆောင် ခွင့်ပြုချက်မရရှိဘဲ ကူးသန်းသွားလာခြင်း မပြုရ၊ နံပါတ် ၂ ခွင့်ပြုချက် မရရှိဘဲ စာအုပ်စာတမ်းတွေကို မကိုင်တွယ်ရ၊ နံပါတ် ၃ ခဲတံ၊ ဘောပင်တွေကို ခွင့်ပြုချက်မရရှိဘဲ မကိုင်ရ စတဲ့ စည်းကမ်းချက်ပေါင်းများစွာကို ရွတ်ဆိုရတယ်လို့ ဆိုပါတယ်။ 

“အမုန်းဆုံးအချိန်က အဲဒီဟာတွေ ဆိုရတဲ့အချိန်ပဲ။” လို့ မဒေးဒေးက မှတ်ချက်ပြုပါတယ်။ 

အဆောင်ထဲမှာ တခြားအကျဉ်းသူတွေနဲ့နေရတဲ့အခါ ဘယ်သူနဲ့နေမယ်ဆိုတာကို ရွေးချယ်ခွင့်မရှိဘဲ အမျိုးသမီး ထောင်ဝန်ထမ်းအရာရှိက သတ်မှတ်ပေးထားတဲ့သူနဲ့သာ နေရပါတယ်။ နေရာပြောင်းချင်၊ လူပြောင်းချင်ကြောင်း ပြောမိပါက “နင်တို့ကိုယ် နင်တို့ ဟိုတယ်ရောက်နေတယ်မှတ်လို့လား၊ နင်တို့အိပ်ချင်တဲ့သူတွေနဲ့ အိပ်လို့ရဖို့လား၊ ထောင်ဆိုတာ သတိထားဦး။” စတဲ့ပြောဆို ကြိမ်းမောင်းမှုတွေကို မခံချင်တာကြောင့် တော်ရုံနဲ့ မပြောကြဘူးလို့ ဆိုပါတယ်။ 

ညဘက်အိပ်သွားကြပြီး နောက်နေ့ မနက် ၅ နာရီမှာ အားလုံးပြန်ထရပါတယ်။ ပြီးရင် နေ့စဉ်အလုပ်တွေကို ပုံမှန်အတိုင်းသာ လုပ်ကြရပါတယ်။ 

“အပြောင်းအလဲ မရှိဆုံးကမ္ဘာကြီးက ထောင်ပဲ။ မနေ့ကလည်း ဒီလိုပဲ၊ မနက်ဖြန်လည်း ဒီအတိုင်းပဲ။ ထပ်တူညီတဲ့နေ့ရက်တွေကို ရှင်သန်နေရတာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ။” လို့ ထောင်ထဲမှာ နေရတဲ့အဖြစ်ကို မဒေးဒေးက မှတ်ချက်ပြုပါတယ်။ 

အထီးကျန်မှုနဲ့ စိတ်သောကဖြစ်ရမှုတွေမှာ ထောင်ထဲကလူနဲ့ အပြင်မှာရှိတဲ့သူတွေ ခံစားချက်မတူပုံကို သူက အခုလို ထပ်ရှင်းပြပါတယ်။ 

“အပြင်မှာ လူတွေဟာ ဘယ်လောက်အထိတောင် အထီးကျန်တယ်၊ စိတ်သောကရောက်တယ်၊  ဘယ်လိုပင် လျှောက်ပြောနေပေမယ့် အတွေ့အကြုံတွေက တနေ့ထက်တနေ့ မရိုးရဘူးဆိုတဲ့အခါ လူတွေကလေ အမြဲတမ်း အသစ်အဆန်းတွေနဲ့ဆိုတဲ့အခါ ပျင်းဖို့အချိန်တောင် မရဘူး။ ဟိုမှာကျတော့ မနက်ဖြန်လည်း ဒီအတိုင်း၊ နောက်နေ့လည်း ဒီအတိုင်း၊ ဘာပဲဖြစ်နေဖြစ်နေ ဒီအတိုင်းပဲ။”

အကျဉ်းသူ အမျိုးသမီးတွေလိုအပ်တဲ့ လစဉ်သုံးပစ္စည်းတွေကိုတော့ အကျဉ်းထောင်ထဲမှာ လစဉ်ပုံမှန်ဝေပေးတယ်လို့ ဆိုပါတယ်။ 

အမျိုးသမီးအခွင့်အရေးတွေကို ဆိုးဆိုးရွားရွားဖိနှိပ်ချိုးဖောက်တာမျိုး ထင်ထင်ရှားရှားမလုပ်ကြပေမယ့် ထောင်ဝန်ထမ်းအမျိုးသမီးတွေရဲ့ ပြောဆိုဆက်ဆံမှုတွေဟာ ခံရခက်ပြီး လူ့ဂုဏ်သိက္ခာကို ထိခိုက်သလိုခံစားရတယ်လို့ မဒေးဒေးက ဆိုပါတယ်။ 

အမျိုးသမီးအဆောင်အတွင်းကို မီးပြင်၊ ရေပိုက်ပြင်ရန် အမျိုးသားတဦးဝင်လာပါက တချို့အကျဉ်းသူတွေရဲ့ မျက်နှာပုံစံတမျိုးဖြစ်သွားရင် တဦးတယောက်က လုပ်တာမျိုးဆိုပေမယ့် ထောင်ဝန်ထမ်းအရာရှိက “နင်တို့” ဆိုတဲ့ စကားလုံးနဲ့ အားလုံးကို ဆဲဆိုကြိမ်း မောင်းတာမျိုး လုပ်တတ်ပါတယ်။ 

“တခါမှ မကြားဖူးတဲ့ အဆဲတွေနဲ့ဆဲတာ ပြန်ပြောဖို့တောင် မထွက်ဘူး။ သူ မကောင်းရင် သူ့ကိုပြောလိုက်ပေါ့။ အခုက အားလုံးကို ပြောတာ။” လို့ မဒေးဒေးက ဆိုပါတယ်။ 

အဆောင်ထဲမှာ အဲဒီလိုဆဲဆိုသံမျိုးကြားရပါက စိတ်မချမ်းမသာဖြစ်ကာ လူကနွမ်းသွားတတ်သလို တခါတလေမှာ မကျေနပ်တဲ့စိတ်နဲ့ ဒေါသထွက်ပြီး မျက်နှာအမူအရာတွေပြောင်းသွားလို့ ဖြစ်တတ်တဲ့အဖြစ်အပျက်ကိုလည်း သူက အခုလိုပြောပါတယ်။ 

“စောက်ပြစ်ရှိလို့ စောက်ပြစ်ပြောရင် မိထွေးတွေက နာတယ်ဆိုပြီး ဆဲပြန်ရော။ အဲဒီလို စောင်းပြောပြန်ရော။ နင်တို့စောက်ခွက်တွေကို ငါတို့က ပြန်ကြောက်နေရဖို့လား။” လို့ ဆဲဆိုကြိမ်းမောင်းတတ်ပုံကို သူက ပြောပါတယ်။

မဒေးဒေးကိုယ်တိုင်လည်း မတရားမှုလုပ်နေတာကို မြင်ရတဲ့အခါ အဲဒီနေရာက ထထွက်သွားတာမျိုး၊ မကျေနပ်ချက်ကို ထုတ်ဖော်ပြသဖို့ တခုခုကို အသံထွက်အောင်လုပ်တာမျိုးတွေ လုပ်မိတတ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်လည်း သံတွဲအကျဉ်းထောင်၊ အမျိုးသမီးအဆောင်ကို နိုင်ငံရေးအမှုနဲ့ အကျဉ်းကျသူတွေရောက်လာတဲ့နောက်ပိုင်း တခြားသောပြစ်မှုကြောင့် ထောင်ကျသူတွေလည်း ထောင်ဝန်ထမ်းတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို သိပ်မခံရတော့ဘူးလို့ တခြားအကျဉ်းသူတွေရဲ့ ပြောစကားကို ကိုးကားပြီး မဒေးဒေးက ရှင်းပြပါတယ်။

အဲဒီအချိန်တုန်းက သံတွဲမြို့မှာ အကြမ်းဖက်ပုဒ်မ ၅၀-ည နဲ့ ထောင် ၁၀ နှစ်ကျခဲ့သူ အမျိုးသမီး ၅ ဦးရှိပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ထောင်ကျသူတွေပါဆိုရင် နိုင်ကျဉ်းသူ ၇ ယောက်ရှိတာဖြစ်ပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၁၃ ရက် ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်စခဲ့ကြပါတယ်။ အာရက္ခတပ်တော်(AA)ဟာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်မြောက်ပိုင်းက မြို့တချို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်ပြည်ရဲ့ စစ်ရေးနိုင်ငံရေးအခြေအနေဟာ ရခိုင်ပြည်ကိုကျော်လို့ တနိုင်ငံလုံးကို လှုပ်ခတ်ခဲ့တယ်။ စစ်ရေးနိုင်ငံရေးသတင်းစကားတွေဟာ မဒေးဒေးတို့ရှိရာ သံတွဲအကျဉ်းထောင်ရဲ့ အုတ်နံရံ အတွင်းထဲအထိပါ ရောက်လာပါတယ်။ 

၁၇(၁)နဲ့အဖမ်းခံရတဲ့ အမျိုးသမီးတွေ ရုံးထုတ်တဲ့အချိန်တွေမှာ အပြင်မှာရှိတဲ့သူတွေက နိုင်ငံရေး၊ စစ်ရေးသတင်းစကားတွေအပြင် “ဘာမှ မပူကြဖို့နဲ့ မြို့ကိုလာတိုက်မယ်။” ဆိုတဲ့ သတင်းစကားတွေ ပါးလိုက်တာမျိုးတွေ ကြားရတယ်။

“ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဲဒီသတင်းစကားတွေက အားတက်တယ်လေ။ အဲဒီအချိန်မှာ ထောင်ဝင်စာဖွင့်ပြီ၊ အဲဒီအချိန်မှာ အမေကလည်း အရိပ်အမြွက်တွေ ပြောတယ်။” လို့ မဒေးဒေးက ပြောပါတယ်။ 

အဲဒီနောက် ဘူးသီးတောင်ထောင် ပွင့်တယ်ဆိုတဲ့သတင်းစကားကို ထပ်ကြားရတယ်။ ဒီအခါ သံတွဲထောင်က အကျဉ်းသူ၊ အကျဉ်းသားတွေကို ပုသိမ်ထောင်ကိုပြောင်းမယ်ဆိုပြီး ထောင်ထဲမှာ ပြောလာကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အကျဉ်းသူ၊ အကျဉ်းသားရာချီကို ထောင်ပြောင်းဖို့ဆိုတာ လုံခြုံရေးအင်အားလိုအပ်ပါတယ်။ ထောင်မှာရှိနေတဲ့ ဝန်ထမ်းတောင် ဟိုနေရာသွားရ၊ ဒီနေရာသွားရနဲ့ လုံခြုံရေး မလုံမလောက်ဖြစ်နေတာပါ။ 

ပြီးတော့ သံတွဲထောင်ကိုဝင်စီးမယ်ဆိုတဲ့ သတင်းကိုလည်း ၂၀၂၄ ဧပြီလထဲမှာ ကြားခဲ့ရတယ်။ ဒါပေမဲ့ မေလထဲ ရောက်လာတဲ့အထိ ဘာမှ ထူးမလာခဲ့သေးပါဘူး။ 

ဒီအခါ သံတွဲအကျဉ်းထောင်မှ အမျိုးသမီးဝန်ထမ်းတွေက “မျှော်မနေကြနဲ့ နင်တို့ကိုလာကယ်မယ့်သူတွေလည်း သေကုန်ပြီ။” ဆိုတာမျိုးပြောကြတယ်။ AA အလောင်းတွေ ဘယ်လိုဖြစ်နေတဲ့အကြောင်း၊ စစ်ကောင်စီက ဘယ်လိုအင်အားတွေဖြည့်ထားကြောင်း၊ ရခိုင်ပြည်ထဲကို စစ်ကောင်စီက စနိုက်ပါသမားတွေ လေယာဉ်နဲ့ လာချပေးသွားကြောင်း၊ ဒီလူတွေဟာ ဆံပင်အရှည်ကြီးတွေနဲ့ သတ်ရဲဖြတ်ရဲကြကြောင်း စတဲ့သတင်းစကားတွေကို အကျဉ်းသူတွေကြားနိုင်အောင် ထောင်ဝန်ထမ်းတွေက ပြောကြတယ်။ 

“၈၈ တုန်းက လက်မရွံသတ်ခဲ့တဲ့အဖွဲ့က။ အဲ့လူတွေကို လေယာဉ်နဲ့ချပေးခဲ့တာ အဲဒီလူတွေက တောထဲမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ထားတာ။ အေအေဆိုတာ မနေ့တနေ့ကမှ ပေါ်လာတဲ့ဟာ၊ စစ်ရေးပရိယာယ်၊ တိုက်ရေးခိုက်ရေး ဘယ်ရှိမလဲဆိုတာမျိုး၊ သူတို့မှာရှိရင် သေနတ်ပဲ၊ ဟိုမှာ(စစ်ကောင်စီ)က အမြောက်နဲ့ လေယာဉ်ယာဉ်ရှိတယ်။” စတဲ့စကားတွေကို အကျဉ်းသူတွေကြားအောင် ထောင်ဝန်ထမ်းတွေက ပြောဆိုလေ့ရှိတယ်လို့ မဒေးဒေးက ပြောပါတယ်။ 

“ကိုယ်တွေကြားအောင် သူတို့အချင်းချင်းပြောနေတာ။ ကိုယ်တွေကို တမင်စိတ်ဒုက္ခပေးနေတာ။ အဲလိုတွေကြားတော့ ကိုယ်တွေလည်း စိတ်ဓာတ်တွေကျတယ်။ ထမင်းတောင် မစားချင်ဘူးဖြစ်တယ်။” လို့ သူက ဆိုပါတယ်။ 

ဒါပေမဲ့ တဖက်မှာ လက်တွေ့ကျကျပြန်စဉ်းစားကြည့်တဲ့အခါ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်မြောက်ပိုင်းက မြို့တွေကိုတောင်သိမ်းပိုက်ပြီး တောင်ပိုင်းအထိ ခြေဆန့်လာခဲ့တာပါ။ အခုအခါမှာ သံတွဲမြို့အနီးဝန်းကျင်တွေအထိ ရောက်လာပြီး တိုက်ပွဲတွေဖြစ်နေပါပြီ။ ဒီအခြေအနေဟာ ဘယ်လိုမှ ထင်မှတ်မထားသလို မယုံနိုင်စရာဖြစ်ရတဲ့အကြောင်း မဒေးဒေးက အခုလိုပြောပါတယ်။   

“သံတွဲမြို့ကို လာတိုက်တယ်ဆိုတာ ဘဝမှာလေ အနောက်ကနေ နေထွက်သွားသလိုမျိုး။” 

သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်၊ ရေစင်ကျေးရွာဘက်တွေမှာ ဧပြီလဒုတိယပတ်အတွင်းကစတင်ပြီး ပစ်ခတ်သံ တွေကြားနေရတာပါ။ ပြီးတော့ ငပလီကမ်းခြေ၊ ဂေါ့တောင်အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။ မေလထဲအရောက်မှာတော့ လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးပစ်သံတွေဟာ တဖြည်းဖြည်းနဲ့ သံတွဲအကျဉ်းထောင်အနီးကို ရောက်လာပါတယ်။ ပျံသန်းသွားတဲ့ လေယာဉ်တွေ၊ ဒရုန်းတွေ၊ မီးခိုးလုံးတွေကို လည်း သံတွဲထောင်အတွင်းကနေ မြင်လာရတယ်။ 

“ကိုယ့်စိတ်ထဲမှာ ထောင်တကွက်သာကျန်ပြီး ကျန်တာတွေကုန်ပြီလို့ တောင်မှတ်နေတာ။” လို့ လက်နက်ကြီး၊ လက်နက်ငယ် အဆက်မပြတ်ပစ်ခတ်နေတဲ့အသံတွေ ထောင်ထဲကနေပြီး နားထောင်နေရတဲ့အဖြစ်ကို မဒေးဒေးက ပြောပြပါတယ်။ 

အဲ့လိုအခြေအနေရောက်လာတဲ့အခါ သံတွဲအကျဉ်းထောင်မှ ဝန်ထမ်းတွေရဲ့လေသံဟာ ပြောင်းသွားကြပါတယ်။ တချို့ထောင်ဝန်ထမ်းတွေက အစောပိုင်းကတည်းက ထွက်ပြေးသွားကြတာပါ။ ထောင်မှာ ဝန်ထမ်းအဖြစ် ဆက်လက်ကျန်ခဲ့တဲ့သူတချို့ကလည်း စစ်ပွဲကြီး ထောင်အနီးကပ်လာတဲ့အခါ မျက်စိမျက်နှာပျက်လာကြတယ်၊ သွေးရူးသွေးတန်းတွေ ပြောလာကြတယ်။ တချို့ကလည်း ထိုင်ငိုကြရတယ်။

“တယောက်ဆိုရင် ကိုယ်တွေကို အကြီးအကျယ်တွေပြောပြီး သူက စောင်ကြီးအုပ်ပြီး ငိုနေတာ။ သူတို့မှာပဲ ကယ်ဖို့ လူရှိသေးတယ်၊ ငါတို့က တခုခုဖြစ်လာရင် သေခံရုံပဲရှိတယ်။” လို့ ထောင်ဝန်ထမ်းအမျိုးသမီးတွေ ညည်းတွားငိုကြွေးခဲ့ပုံကို မဒေးဒေးက ပြန်ပြောပြပါတယ်။ 

တရက်တော့ သံတွဲအကျဉ်းထောင်မှာ စစ်ကောင်စီက တပ်စွဲပါတော့တယ်။ ညနေပိုင်းမှာ ဗျူဟာမှူးအပါအဝင် ထောင်ဝန်ထမ်းနဲ့ စစ်သား ၅ ယောက်ခန့်ရောက်လာပြီး အမျိုးသမီးဆောင်ပေါ်ထပ်ကို ရှင်းလင်းရေးလုပ်ပါတယ်။ ပြီးတော့ ပစ်ကွင်းတွေလုပ်ကြတယ်။ အမျိုးသမီးဆောင်အပေါ်ထပ်က ဇန်နဝါရီ ၁ ရက် နှစ်ကူးလွတ်ငြိမ်းပြီးကတည်းက လူနည်းသွားတဲ့အတွက် မဒေးဒေးအပါအဝင် ကျန်ရှိနေတဲ့အကျဉ်းသူတွေကို အောက်ထပ်ကို ရွှေ့ထားတာပါ။   

ဒါကြောင့် သံတွဲထောင်အတွင်းက အမျိုးသမီးဆောင်ပေါ်ထပ်ဟာ စစ်ကောင်စီအတွက် ပစ်ကွင်းနေရာဖြစ်လာပါတယ်။ အကျဉ်းထောင်ထဲမှာလည်း စစ်တပ်က တပ်စွဲလိုက်ပြီး လက်နက်ကြီးတခုကို တပ်ဆင်အထိုင်ချလိုက် ပါတယ်။

“ကိုယ်တွေကို မရွှေ့ဘဲနဲ့လုပ်တော့ လူသားဒိုင်းလုပ်တာပေါ့။” လို့ မဒေးဒေးက မှတ်ချက်ပြုပါတယ်။ 

ထောင်ထဲမှာ အထိုင်ချထားတဲ့ လက်နက်ကြီး ပထမဆုံးပစ်တဲ့အကြိမ်မှာ ပစ်ခတ်ဖို့အသိပေးပြီး နားပိတ်ထားဖို့ အကျဉ်းသူတွေကို အကြောင်းကြာလာပါတယ်။ ဒါပေမဲ့ နောက်အကြိမ်တွေမှာတော့ လာမပြောတော့ဘဲ ဆက်တိုက်ပစ်ခဲ့ပါတယ်။ 

သံတွဲမြို့ပေါ်နဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေရာကနေ ဇူလိုင် ၁၁ ရက်မှာတော့ သံတွဲ အကျဉ်းထောင်မှာ ပစ်ခတ်မှုတွေ စဖြစ်ပါတော့တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ပစ်ခတ်သံတွေဟာ မနက် ၁၀ နာရီက တည်းက အဆက်မပြတ်ထွက်ပေါ်နေတာပါ။ အဲဒီအချိန် အမျိုးသမီးအကျဉ်းဆောင်ထဲမှာ အကျဉ်းသူပေါင်း ၄၇ ယောက်ရှိပါတယ်။ တိုက်ပွဲကြားမှာရောက်နေကြတဲ့ အကျဉ်းသားတွေရဲ့အဖြစ်ဟာ လွတ်ရင်လွတ် မလွတ်ရင် သေဖို့သာရှိနေတဲ့အခြေအနေလို့ မဒေးဒေးက ဆိုပါတယ်။ 

“အဲဒီအချိန်မှာ ကိုယ်တွေဟာ အရမ်းသေးငယ်နေတယ်၊ ကိုယ်တွေရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတယ်။ အခုလိုတိုက်ပွဲတွေကြားထဲမှာ ဒီမိန်းကလေးတဦးရဲ့ ခံစားချက်တွေက တကယ့်ကိုသေးငယ်နေတာ။” လို့ သူက မှတ်ချက်ပြုပါတယ်။  

ပစ်ခတ်နေတဲ့အချိန် သူတို့အားလုံးကျည်ကွယ်ရာ ထောင့်တနေရာမှာ စောင်တွေကို ခြုံလျက် တယောက်နဲ့တယောက် ပူးကပ်စုပြုံကာ ဝပ်နေကြရပါတယ်။ အပြင်မှာ မိုးဖွဲလေးတွေကျနေပေမယ့် သူတို့တွေအားလုံး ချွေးတွေပျံ နေကြတယ်။ ကိုယ့်ကိုဘယ်ချိန်လာထိမလဲဆိုတဲ့ စိုးရိမ်စိတ်က အပြည့်။ 

အုတ်နံရံကြီးဘေးပုန်းကွယ်နေရာမှ အကျဉ်းသူ ၂ ဦးဟာ ၁ ပေကျော်အမြင့်ရှိတဲ့ အုတ်ခံတခုရဲ့ အောက်ခြေမှာ ရုတ်တရက် ပြေးဝပ်လိုက်ကြပါတယ်။ သူတို့ရောက်ပြီး မကြာခင်လေးမှပဲ သူတို့ပုန်းကွယ်နေတဲ့ အုတ်ခုံရဲ့တဖက် ကို RPG လက်နက်ကြီး ကျည်တလုံးကျရောက်ပေါက်ကွဲပါတော့တယ်။

အကျဉ်းသူ ၂ ဦးဟာ နာရီဝက်ခန့်ငြိမ်ကျသွားပြီးတဲ့နောက်မှာတော့ သတိပြန်ရလာပြီး ရေတောင်းတယ်၊ ကယ်ကြဖို့တောင်းဆိုတယ်။ တယောက်က ဦးခေါင်းကိုထိပြီး ဦးခေါင်းလန်သလိုဖြစ်သွားတယ်။ ပြီးတော့ သူ့ခြေထောက်ဟာ ဒူးလောက်ကနေ ပြတ်လုနီးပါးဖြစ်ပြီ ခြေထောက်ပြောင်းပြန်ဖြစ်နေတယ်။ သတိရလာတဲ့အခါ သူဟာ ခြေထောက်ကို မပြီး ခေါင်းထောင်ကြည့်တယ်။ ကျန်တဦးကလည်း ပေါင် ထိသွားတာလို့ မဒေးဒေးက ဆိုတယ်။

“အဲဒီမြင်ကွင်းက တော်တော်ကြောက်ဖို့ ကောင်းတယ်။ အချိန်နည်းနည်းကြာသွားလို့သာ ပြန်ပြောနိုင်တာ အဲဒါကြီးကို မပြောချင်ဘူး။” လို့ လွန်ခဲ့တဲ့ ၇ လကျော်ကက အဖြစ်အပျက်ကို သူက ပြန်ပြောပြတယ်။ 

ပေါင်ကိုထိသွားတဲ့တယောက်ဟာ ဘုရားစာတွေရွတ်ဆိုပြီး မှိန်းနေတယ်။ ဦးခေါင်းနဲ့ ခြေထောက်ထိထားတဲ့ တယောက်ကတော့ ကယောင်ကတမ်းအော်ဟစ်နေတယ်။ တိုက်ပွဲကဆက်ဖြစ်နေတာကြောင့် သူတို့အနားကို ဘယ်သူမှ မသွားရဲ၊ မကယ်ရဲ။ အကျဉ်းသူ ၂ ဦးထိထားလို့ လာကယ်ကြပါဦးလို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ စစ်တပ်က သေနတ်နဲ့လှမ်းပစ်တယ်။

“ဆေးကုပေးဖို့လှမ်းအော်တော့ သေနတ်နဲ့လှမ်းပစ်တယ်၊ တိတ်တိတ်နေ မအော်နဲ့ အသံမထွက်နဲ့တဲ့။” လို့ မဒေးဒေး ပြောပါတယ်။ 

ညနေ ၄ နာရီခန့်မှာတော့ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားတယ်။ သံတွဲအကျဉ်းထောင်တခုလုံးဟာ လူတွေ မရှိတော့ဘူးလို့ ထင်ရလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားတာပါ။ ဒဏ်ရာရထားတဲ့ အကျဉ်းသူ ၂ ဦးလည်း ငြိမ်ကျသွားပြီ။ အကျဉ်းသူတွေအားလုံးလည်း တနေကုန် ထမင်းမစားရသေး၊ ရေလည်း မသောက်ရသေး။ 

ည ၁၁ နာရီအချိန်လောက်မှာတော့ အရာရှိတဦးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်လာတယ်။ 

“နင်တို့ထောင်ကလူတွေ နင်တို့ကို စွန့်ပစ်သွားပြီ။ စောင့်ရှောက်မယ့်သူလည်း မရှိတော့ဘူး။” လို့ အရာရှိတဦးက ပြောတယ်။ ပြီးတော့ သူတို့လည်း တာဝန်မယူနိုင်တဲ့အကြောင်း ပြောပြီး အဆောင်တံခါးကိုဖွင့်ပေးတယ်။ 

မဒေးဒေးစိတ်ထဲမှာတော့ ထောင်ပြောင်းဖို့လာခေါ်တာလား၊ ပစ်သတ်ကြတော့ဖို့လားလို့ တွေးနေမိတယ်။ 

“ဒီအထဲမှာ နာမည်ခေါ်တဲ့သူတွေ ဒီဘက်လာနေပေး” လို့ စစ်သားတယောက်က ပြောပြီး နာမည်တွေခေါ်တယ်။ သူတို့ခေါ်တဲ့သူတွေဟာ အေအေနဲ့ပတ်သက်တယ်ဆိုတဲ့အမှုနဲ့ ထောင်ကျနေသူတဦး၊ ပြီးတော့ ထောင် ၁၅ နှစ်ကျနေသူ ၄ ဦး စုစုပေါင်း ၅ ဦး။ သူတို့ ၅ ဦးကို ချန်ထားပြီး ကျန်ရှိတဲ့အမျိုးသမီး ၄၂ ဦးကို လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းသူ ၄၂ ဦးအနက် ၂ ဦးကတော့ အသက်မပါဘဲ ထောင်ထဲကထွက်လာရတာဖြစ်တယ်လို့ မဒေးဒေးက ပြောပါတယ်။ (ကျန်ခဲ့တဲ့ အမျိုးသမီးအကျဉ်းသူ ၅ ဦးစလုံးလည်း နောက်ပိုင်းမှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။) 

“လွှတ်လိုက်တယ်ဆိုတော့ ပုံမှန်အချိန်ဆိုတော့ ဝမ်းသာမှာပေါ့။ အေအေက ဝင်လာ၊ စစ်တပ်က လက်နက်ချ၊ အဲ့လိုဆိုရင်တော့ အိမ်ပြန်ရုံပေါ့။ ဘယ်လောက်တောင် ပျော်ဖို့ ကောင်းမလဲ၊ ကျွမ်းတောင် ထိုးရင် ထိုးနေမှာ။ အခုကတော့ ပျော်ဖို့တောင် မေ့နေတယ်။ ကိုယ့်ဘာသာကိုယ်တောင် အသိစိတ်မကပ်ဘူး။ လွတ်ပြီလား မလွတ်လား၊ ရှေ့ကို အိမ်ပြန်ရင် အသက်ရှင်ဖို့လား၊ မရှင်ဘူးလား။ ဒီညကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ ပျော်ဖို့တောင် မေ့နေတယ်။ အဲဒီအချိန် ခံစားချက်ကြီးက မယုံနိုင်သလိုဖြစ်နေတယ်။” လို့ ထောင်က လွတ်တယ်လို့ သိလိုက်ရပေမယ့် မပျော်နိုင်တဲ့ခံစားချက်ကို မဒေးဒေးက ရှင်းပြပါတယ်။ 

(မှတ်ချက်- မဒေးဒေးဟာ အဲဒီညက သံတွဲအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ရန်ကုန်ကနေ တဆင့် ထိုင်းနိုင်ငံကို ပြောင်းရွှေ့အခြေချပြီး ပန်းချီဆွဲတဲ့အလုပ် လုပ်ကာ နိုင်ငံရေးအကျဉ်းသူ တွေကို ကူညီထောက်ပံ့တဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ သံတွဲမြို့နယ်မှာ စစ်ရှောင်နေကြသူတွေကိုလည်း တတ်နိုင်သမျှ ကူညီထောက်ပံ့လျက်ရှိနေပါတယ်။)

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #သံတွဲ #အကျဉ်းထောင် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10