တိုက်ပွဲဇုံထဲက မန်းရွှေစက်တော်ဘုရားပွဲကို စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး ဖွင့်ပွဲလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် ငဖဲမြို့နယ်အစပ်ရှိ မန်းရွှေစက်တော် ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက် မနေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်တပ်ပိုင်မြဝတီရုပ်သံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီဘုရားပွဲဖွင့်ပွဲကို စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ယမန်နေ့မနက်ပိုင်းမှာ ရွှေစက်တော်နဲ့အနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ဌာနဆိုင်ရာ(ကား)တွေနဲ့ ဘုရားဖူးကား ၅ စီးလောက် ပါလာတယ်” လို့ ယမန်နေ့ဖွင့်ပွဲ အခြေအနေကို ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ပိုင်မြဝတီကထုတ်ပြန်လာတဲ့ စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် လာရောက်ဘုရားပွဲဖွင့်လှစ်မှုမြင်ကွင်း ရုပ်သံမှာလည်း စစ်ကောင်စီတပ်ဖွဲ့အများအပြား အနီးကပ်လုံခြုံရေး လိုက်ပါလာတာကို တွေ့မြင်ရပါတယ်။

ဒါ့အပြင် ရွှေစက်တော်နဲ့အနီးတဝိုက်မှာ တပ်မ ၉၉ လက်အောက်တပ်ရင်းတွေနဲ့တပ်စွဲအခြေပြုထားတဲ့အပြင် ရွှေစက်တော်အနီး ပဒါန်းနဲ့ငဖဲအခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ ၉၀၅)နဲ့ လက်အောက် အမြောက်တပ်တွေဖြစ်တဲ့ အမတ ၄၀၉၊ အမတ ၃၇၅ ၊ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၄) ပူးပေါင်းတပ်တွေက ထုတ်ုတ်စစ်ကြောင်းတွေနဲ့ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ နယ်မြေခံ PDF တပ်ရင်းတွေနဲ့ စစ်ကောင်စီပဒါန်းတပ်နယ်သတင်းရင်းမြစ်တဦးထံက သိရပါတယ်။

“ ရွှေစက်တော်ဘုရားတလျှောက်မှာ သူတို့ဘက်က အရပ်သားအသွင်နဲ့ ဘုရားဖူးကားတွေ ဘုန်းကြီးကားတွေ ဂေါပကကားတွေနဲ့ စစ်ရေးတိုးချဲ့တာတွေလုပ်နေပါတယ်” လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ရိုးမပေါ် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာတွေအနီးက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်-AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

မန်းရွှေစက်တော်ဘုရားကို ရောက်ရှိဖို့ ပုသိမ်-မုံရွာလမ်းပိုင်းကို မဖြစ်မနေအသုံးပြုရမှာ ဖြစ်ပြီး အဆိုပါလမ်းပိုင်းမှာ စစ်ရေးတွေတင်းမာနေလို့ ဒေသခံပြည်သူတွေအနေနဲ့ သတိထားအသုံးပြုကြဖို့ အထက်မင်းလှPDF တပ်ဖွဲ့ကလည်း ဇန်နဝါရီလဒုတိယအပတ်ကတည်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မင်းဘူးခရိုင် ငဖဲ၊ စလင်း၊ ပွင့်ဖြူနဲ့ စေတုတ္တရာနဲ့နယ်မြေချင်းထိစပ်နေတဲ့ သရက်ခရိုင် မင်းတုန်း၊ အထက်မင်းလှမြို့နယ်တွေမှာ စစ်ရေးပြင်းထန်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် အဲ့ဒီမြို့နယ်တွေအတွင်းမှာ အချိန်၊ နေရာမရွေး တိုက်ပွဲတွေထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာဆင်ခြင်သင့်ကြောင်းနဲ့ အစစအရာရာဂရုစိုက်ဖို့လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း တာဝန်ရှိသူက အကြံပြုပါတယ်။

“ ရွှေစက်တော်ဘုရားပွဲက စစ်ကောင်စီဘက်က စစ်ရေးအရ အမြတ်ထုတ်ချင်လို့ ပြည်သူတွေရဲ့အသက်ကို စတေးနေတာပါ၊ ကျနော်တို့အနေနဲ့ ဒီကိစ္စကိုဂရုစိုက်ကိုင်တွယ်နေရပါတယ်” လို့ ၎င်းက ပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲဟာ ကျိုက်ထီးရိုးဘုရားပွဲပြီးရင် မြန်မာနိုင်ငံအတွင်း ဒုတိယအရှည်ကြာဆုံးဘုရားပွဲဖြစ်ပြီး နှစ်စဥ်ဖေဖော်ဝါရီလဆန်း (တပို့တွဲလ)က စတင်ကာ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ရက်)အထိ ၃ လကြာ ပြုလုပ်တဲ့ဘုရားပွဲလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာပဲ ရွှေစက်တော်နယ်မြေနဲ့တဆက်တည်းရှိနေတဲ့ ပွင့်ဖြူမြို့နယ်၊ မဒဲရွာအနီးမှာ ရွှေစက်တော်ဘုရားပွဲလုံခြုံရေး နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မင်းဘူး #ဘုရားပွဲ #စစ်ကောင်စီ #ဖွင့်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10