သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာအုပ်စု၊ ရွှေပုဂံရွာအနီး တိုက်ပွဲဖြစ်ချိန် အိမ်စောင့်ကျန်ခဲ့သူအမျိုးသားတဦး ပျောက်ဆုံးနေပြီး ၈ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပျောက်နေသူဟာ ရွှေပုဂံကျေးရွာသား အသက် ၄၀ အရွယ် ခွန်အောင်နိုင်စိုးဖြစ်ပြီး ရွာအနီး တိုက်ပွဲစဖြစ်ခဲ့တဲ့ ဩဂုတ် ၁၀ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။
"သူ့မိန်းမက သူတို့နဲ့အတူရှောင်ပြေးဖို့ ခေါ်သေးတယ်။ သူက အိမ်ကိုချစ်တော့ အိမ်စောင့်နေခဲ့မယ် ပြောတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့အိမ်နားမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကတည်းက ပျောက်သွားတာ။ ဖုန်းပါသွားပေမယ့် စက်ကပိတ်ထားတယ်"လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
သြဂုတ် ၉ ရက်ကစတင်ပြီး ရွှေပုဂံကျေးရွာအနီးမှာ ပစ်ခတ်သံတွေစတင်ကြားခဲ့တာကြောင့် ခွန်အောင်နိုင်စိုး ရဲ့ ဇနီးနဲ့မိသားစုတို့ဟာ နေအိမ်ကနေ စတင်တိမ်းရှောင်နေခဲ့ကြတာပါ။
ခွန်အောင်နိုင်စိုးပျောက်ဆုံးချိန်မှာ ဖုန်းတလုံးသာပါသွားပြီး ကျန်တဲ့ ဆိုင်ကယ်အပါအဝင် အိမ်တွင်းပစ္စည်းတွေကတော့ ပျောက်ဆုံးတာမရှိဘူးလို့ ဆိုပါတယ်။
သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရွှေပုဂံကျေးရွာအတွင်းတိုက်ပွဲမှာ ဒေသခံ ၂ ဦးလည်းသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာလည်း ခွန်အောင်နိုင်စိုး မပါဝင်ပါဘူး။
ပျောက်သွားတဲ့နေ့ကနေ သြဂုတ် ၁၈ ရက် ဒီနေ့အထိ အဆက်အသွယ်မရသေးတာကြောင့် အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့လည်း အထက်ပါနီးစပ်သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ ခွန်အောင်နိုင်စိုးကို လက်နက်ကိုင်အဖွဲ့အစည်းတခုက ဖမ်းဆီးသွားတယ်လို့ ပြောဆိုနေကြပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ကင်မွန်းခြုံကျေးရွာအနီးနဲ့ ခလရ ၇၃ အနီးမှာလည်း ဩဂုတ် ၉ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေလို့ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးနေရပြီး ဒီနေ့အထိ နေရပ်မပြန်ရဲကြသေးပါဘူး။
တိုက်ပွဲကာလအတွင်း လက်နက်ကြီးတွေကြောင့် ကင်မွန်းခြုံနဲ့ ရွှေပုဂံကျေးရွာတွေက ဒေသခံ စုစုပေါင်း ၅ ဦးခန့် သေဆုံးထားပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ထန်းတပင် #အမျိုးသား #ပျောက်ဆုံး #တိုက်ပွဲ
Share Share Share