တိုက်ပွဲတွင်း လက်နက်ကြီးကျည်စ ထိမှန်ကျဆုံးခဲ့တဲ့ PDF ရဲဘော် ဈာပန (ရုပ်/သံ)

 

မကွေးတိုင်း၊ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကြားက တိုက်ပွဲ ၁ ခုမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်ရဲ့ ဈာပနအခမ်းအနားကို ဒေါင်းစစ်အောင် Local PDF နယ်မြေအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၇ ရက်က စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကြားမှာ စစ်ကောင်စီနဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြပြီး ဒေါင်းစစ်အောင် Local PDF အဖွဲ့က အသက် ၁၇ နှစ်အရွယ် ရဲဘော်‌ ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းကတည်းက အပြန်အလှန်ထိတွေ့မှုတွေဖြစ်တယ်။ ကျနော်တို့စိုးမိုးထားတဲ့ နယ်မြေကို စစ်ကောင်စီတပ်တွေ ဝင်မလာနိုင်အောင်ကာပါတယ်။ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ရန်သူ့ဘက်က လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီး ၆၀ မမ တွေနဲ့ပြန်ပစ်တယ်။ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီး ကျည်စမှန်ပြီး ကျနော်တို့ရဲဘော်ကျဆုံးခဲ့တာပါ။" လို့ ဒေါင်းစစ်အောင် Local PDF တာဝန်ခံက ပြောပါတယ်။

ရဲဘော်‌ ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် ဈာပနကို အောက်တိုဘာ ၂၇ရက် ညနေပိုင်းမှာ မဟာမိတ်ရဲဘော် အင်အား ၁၀၀ ကျော်အပြင် ဒေသခံပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်တမ်း ထုတ်ပြန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါင်းစစ်အောင် Local PDF အဖွဲ့မှာ ရဲဘော်‌ ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် ဟာ ပထမဆုံးကျဆုံးခဲ့တဲ့ ရဲဘော်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#မကွေး #စလင်း #တိုက်ပွဲ #ရဲဘော် #ဈာပန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10