တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မုန်းမြို့မှာ စျေးမီးလောင်လို့ ဆိုင်ခန်း ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ရှို့မီးဟုဆို

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မုန်းမြို့မှာ စျေးမီးလောင်လို့ ဆိုင်ခန်း ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ရှို့မီးဟုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ မြတ်မာလာစျေး (ခေါ်) မုန်းစျေးကြီးမှာ ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ နေ့လယ် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးတခုလုံးနီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စျေးကြီးအတွင်းပိုင်း ဆိုင်ခန်းတခန်းမှ မီးစတင်လောင်ကျွမ်းခဲ့တာကနေ စျေးတခုလုံးနီးပါး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

" ဘယ်ဆိုင်ကနေ စလောင်မှန်းကို မသိရဘူး။ ရှို့မီးလို့တော့ သိရတယ်။ ကျနော်တို့ဆိုင်ခန်းတွေလည်းပါသွားတယ်။ ဘယ်သူကနေ ဘယ်လိုရှို့လဲဆိုတာတော့ မသိရဘူး"လို့ မုန်းစျေးကြီးမှာ ဆိုင်ခန်းဖွင့်ထားသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုဟာ အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး  စျေးအတွင်းဆိုင်ကြီးတွေနဲ့ ပျံကျဆိုင်တွေပါအားလုံးနီးပါး လောင်ကျွမ်းခဲ့တာဖြစ်ကာ ဆိုင်ခန်းအားလုံး ပြာကျသွားမှ မီးငြိမ်းသွားခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် အထည်ဆိုင်၊ ကုန်စုံဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖိနပ်ဆိုင်၊ ပျံကျစျေးဆိုင်တွေ အပါအဝင် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရလို့ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသောင်းချီရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

မုန်းမြို့မှာ ဒီဇင်ဘာလဆန်းပိုင်း မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒေသခံအားလုံးနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရလို့ မုန်းစျေးကြီးအတွင်းဆိုင်ခန်းအများစုဟာ ပိတ်သိမ်းထားတာဖြစ်ပြီး တိုက်ပွဲတွေငြိမ်သက်ခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းမှ ဒေသခံတချို့ ပြန်လည်နေထိုင်ခဲ့ကာ စျေးလည်း ပြန်လည် ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်ကစလို့ မုန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်တပ်စွဲကာ မုန်းမြို့ကိုထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ မုန်းမြို့ပေါ်မှာ စစ်ကြောင်းထွက်တာ၊ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မုန်းစျေးကြီး #မီးလောင်မှု #ဆိုင်ခန်း၂၀၀ကျော် #ပျက်စီးဆုံးရှုံး #ရှို့မီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10