သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်မှာရှိတဲ့ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့အတွက် ဥသျှစ်ပင်မြို့ခံတွေက ထမင်း၊ ဟင်း ချက်ပြုတ်ပို့ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဥသျှစ်ပင်မြို့ ပြည်တော်သာ၊ ရတနာပုံနဲ့ ရွှေပင်ရပ်ကွက်ဒေသခံတွေက အလှည့်ကျ ၁ အိမ် ထမင်းထုပ် ၁ ထုပ်နှုန်း ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ထံ ပို့ဆောင်ပေးရတာဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးမှူးက ညောင်ကျိုးစစ်ကောင်စီတပ်ဖွဲ့တွေထံ ဆက်လက်ပေးပို့နေတာလို့ ဆိုပါတယ်။
"ရပ်ကွက်ထဲ ထမင်းပို့ရတဲ့စာရင်းတွေကောက်ပြီး ၁ အိမ် ၁ ထုပ်ပေးနေရတာ။အောင်ကိုက စစ်သားတွေ ဗူးသီးဖက်နဲ့ ငါးနီတူ ၃ ကောင်ပဲစားရလို့ သနားလို့တဲ့။ အိမ်တွေကို သူတို့ကိုယ်တိုင်လိုက်ယူတာလည်းရှိတယ်။ ကျန်တဲ့အိမ်တွေကတော့ ရုံးကိုပို့ရတယ်။"လို့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
မတ် ၆ ရက်ကစတင်ကာ ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကအတွက် ဒေသခံတွေက ထမင်းထုပ်ပို့ဆောင်ပေးနေရတာဖြစ်ပြီး ဒီကနေ့ မတ် ၁၀ ရက်အထိ ပို့ဆောင်ပေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
"အလှည့်ကျ ပို့ရမယ်လည်း ပြောတယ်။ တပ်မိသားစုတွေရှိတဲ့လမ်းတွေကျ စုချက်ကြတယ်။ မနက် ၈ နာရီဆိုတာနဲ့ အစုံပို့ရတယ်။"လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုးစခန်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မှော်ဘီမြို့အခြေစိုက် ခမရ တပ်ရင်း ၃ ရင်းကို ပို့ဆောင်ကာ ခုခံနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ညောင်ကျိုးကျေးရွာရှိ ပင်မစခန်းကုန်းမှာ ရခိုင်ရိုးမပေါ်ရှိ ပန်းတောင်း-တောင်ကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ နဲ့ ၁၀ မိုင်ခန့်ကွာဝေးပါတယ်။
ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ပုံစာ - ၂၀၂၄ အတွင်း စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာဝန်ထမ်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ထမင်းဟင်းချက်ပြုတ်ပို့ပေးနေစဥ်။ (ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး)
စာတည်း - ဟိန်းစံ၊ တည်းဖြတ် - M
#မြေလတ်အသံ
#ပန်းတောင်း #ညောင်ကျိုးစခန်း #ထမင်းထုပ် #ဒေသခံ #ဥသျှစ်ပင်
Share Share Share