တိုက်ပွဲပြင်းထန်နေတဲ့ အညာကတပ်ဖွဲ့တွေကို လုံလောက်မျှတတဲ့ လက်နက်ခွဲဝေပေးရန် ဆောင်ရွက်ဖို့လိုအပ်နေ

တိုက်ပွဲပြင်းထန်နေတဲ့ အညာကတပ်ဖွဲ့တွေကို လုံလောက်မျှတတဲ့ လက်နက်ခွဲဝေပေးရန် ဆောင်ရွက်ဖို့လိုအပ်နေ

"အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေထက်၊ မြေပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို NUG အနေနဲ့ လူကိုယ်တိုင် ဆင်းပြီး လာကြည့်သင့်တယ်" 

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေထဲမှာ အညာဒေသလည်း အပါအဝင်ဖြစ်ပြီး လက်နက်ရရှိမှုကတော့ မရှိသလောက် နည်းပါးနေကာ ကိုယ်ထူကိုယ်ထ တပ်ဆင်နေရတဲ့အတွက် တော်လှန်ရေးခရီး ကြန့်ကြာနေတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

တော်လှန်ကာလ ၂ နှစ်ကျော်အတွင်း လက်နက်ရရှိထားတဲ့ တပ်ရင်း အနည်းငယ်သာရှိပြီး တပ်ရင်းအများစုကတော့  လက်နက်နဲ့ ထောက်ပံ့မှုတွေ ရရှိမှု နည်းကာ Local PDFတွေကတော့ ထောက်ပံ့မှု လုံးဝမရရှိကြဖူးတဲ့အတွက် တိုက်ပွဲဖော်ဆောင်ရာမှာ အခက်ခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

"လက်နက် ဘယ်တော့ကျမလဲတော့ မသိဘူး။ ဟိုဘက်က အကြောင်း တိတိကျကျ ပြန်တာတော့ မရှိသေးဘူး။ ကျတော် သိရသလောက်တော့ ဘယ်မှာမှ မကျသေးဘူး။ ဟိုးအရင်က နည်းနည်းစီ ပေးထားတာ ရှိရင်ရှိမှာပေါ့။ သိရသလောက်တော့ တရင်းမှကို မကျသေးဘူး။ ကျရင်လည်း ကျတော်တို့သိမှာပဲ၊ မသိစရာ အကြောင်းမရှိဘူး။" လို့ မုံရွာခရိုင်မှာရှိတဲ့ ရဲဘော်တဦးက ပြောပါတယ်။

ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ရဲဘော်တဦးကလည်း “အညာက ကိုယ်ထူကိုယ်ထ ကြိုးစားကြတော့ လက်နက်တပ်ဆင်မပေးလည်း ကြိုးစားဝယ်ပြီး စစ်တိုက်ရတယ်။ ကိုယ်ပိုင်ပစ္စည်း ထုတ်ရောင်း သေနတ်ဝယ်ရတယ်။ အညာသားတွေက အသက်၊ စည်းစိမ် ဘယ်အရာမှ အာမခံချက်မရှိတော့ အကုန်လုံး တော်လှန်ရေးထဲမှာ မြှုပ်နှံထားတာကို သိကြတော့ အညာကို လက်နက်တပ်ဆင်မှု နောက်ကျပေးထားတယ်။" လို့ ပြောပါတယ်။

တပ်ရင်းတချို့မှာတော့ ထောက်ပံ့ငွေ ချထားပေးမှုတွေ ရှိပေမယ့် စားသောက်စရိတ်၊ ကျန်းမာရေးစရိတ်၊ လမ်းခရီးစရိတ်တွေနဲ့ အရေးပေါ် လိုအပ်တာတွေအတွက်နဲ့တင် မလုံလောက်တဲ့အတွက် လက်နက်ဝယ်ယူနိုင်ခြင်း မရှိဘဲ ရှ်ိတာတွေ ရောင်းချပြီး ဆက်လက်တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

"ဒီစနစ်ကြီး မကြိုက်လို့သာ အဆုံးရှုံးခံနေကြတာ။ ကျတော်တို့ဆို ရွာထဲသွားပြီး တပ်ရင်းက ထောက်ပံ့ငွေလေးရရင် ပြန်ပေးပါ့မယ်။ ဆန်ဖြစ်ဖြစ် ဓာတ်ဆီဖြစ်ဖြစ် တလဆိုင်းနဲ့ ရောင်းပါဦး ဆိုပြီး သွားသွားယူနေရတာ။ တချို့ဆိုလည်း ရှိတာလေးတွေ လှည့်ရောင်းပေါ့။ ရိက္ခာအခက်ခဲရှိလို့ အကူညီတောင်းဖူးတယ်။ ဘာမှကို အကြောင်းမပြန်တာ။ လက်နက်ဆို အဝေးကြီး၊ မရတော့လည်း ကိုယ့်ရှ်ိတာ ရောင်းချပြီး လုပ်လိုက်တော့တာပဲ။ တောင်းမနေတော့ဘူး။အဖွဲ့ပိုင် ဂန်းလေးတွေ ရှိရင်တော့ အမြန်ဆုံး အောင်မြင်တယ်လေ။ မရှိတော့ နှောင့်နှေးတာပေါ့။" လို့ စစ်ကိုင်းခရိုင်ထဲက ရဲဘော်တဦးက ပြောပါတယ်။

ပဲခူးရိုးမပေါ်က တော်လှန်ရေး အထောက်အကူပြုအဖွဲ့ တာဝန်ခံတဦးကတော့ NUG ရဲ့ လက်နက်တပ်ဆင်မှုမှာ အညာဒေသတင်မဟုတ်ဘဲ မြေလတ်ဒေသမှာရှိတဲ့ ရိုးမပေါ်က အဖွဲ့တွေလည်း ခွဲခြားဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။

လက်နက်ရောက်လာခြင်း မလာခြင်းထက် လက်နက်တပ်ဆင်ရေးအတွက် တာဝန်ပေးထားတဲ့ တိုင်း/ခရိုင် စစ်ဒေသ တာဝန်ခံတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို NUG အနေနဲ့ အရေးတယူ စောင့်ကြည့်လေ့လာ အရေးယူသင့်တယ်လို့ တော်လှန်ရေး အထောက်အကူပြုအဖွဲ့ (ပဲခူးရိုးမ) တာဝန်ခံ ကိုကိုမောင်က မြေလတ်အသံကို ပြောပါတယ်။

"NUG က ပကဖ တပ်ရင်းတွေကို ချပေးလိုက်တဲ့ လက်နက်တွေထဲမှာ မြေပြင်ကို မရောက်တဲ့ လက်နက်တွေလည်း အများကြီးရှိသလို။ လမ်းမှာ ပျောက်ဆုံး ဖမ်းဆီးခံလိုက်ရတဲ့ လက်နက်တွေလည်း အများကြီးရှိတယ်။ အခြေအမြစ်မရှိတဲ့ ဆင်ခြေတွေထက်၊ မြေပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို NUG အနေနဲ့ လူကိုယ်တိုင် ဆင်းပြီး လာကြည့်သင့်တယ်" လို့ ကိုကိုမောင်က ပြောပါတယ်။

မြေပြင်မှာ ပြဿနာဖြစ်ရင် ကြိတ်ပြီး အရေးယူနေတာတွေသာရှိပြီး ပြည်သူ့ဘဏ္ဍာနဲ့ ရပ်တည်ဦးဆောင်နေတယ်ဆိုတဲ့ ခံယူချက်မရှိဘဲ အထက်အဆင့်ဆင့်မှာ တာဝန်ခံမှုမရှိဘူးလို့လည်း ဆိုပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်တာအတွင်းမှာ မီးရှို့ခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး၊ ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့ခံနေရပေမယ့် လက်နက်မရှိတဲ့အတွက် မိုင်းထောင်ပြေးစနစ်နဲ့သာ အများဆုံး တိုက်ပွဲဝင်နေရပြီး လက်နက်တွေသာ ရလာရင် ထိတွေ့ပွဲတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးသမားတွေ လိုအပ်ချက်က လက်နက်ပဲဗျ။ အခုနောက်ပိုင်း တန်းတူညီမျှ အခွင့်အရေးတခုကို ထပ်တောင်းဆိုဖို့ လိုအပ်လာတယ်။ အများကြီးမပေးနိုင်တောင် ထိုက်သင့်သလောက် တပ်ဆင်ပေးမှုမျိုးကို တောင်းဆိုတာပါ။ ခုချိန်ထိတော့ မရောက်လာသေးဘူး။ မြို့နယ်အတွင်းမှာ ကျေးရွာအကုန် မီးလောင် တလင်းပြင် ဖြစ်နေတယ်။ လက်နက်ပံ့ပိုးမှု ဘာတခုမှ မရသေးဘူး။ တထောင့်ထိုးနဲ့ ၂ နှစ်တာအထိ ဖြစ်သလို တော်လှန်နေကြတာ" လို့ ရွှေဘိုခရိုင်ထဲက ရဲဘော်တဦးက ပြောပါတယ်။

အလှူငွေ အားကောင်းတဲ့ အဖွဲ့တွေကတော့ ကိုယ်ထူကိုယ်ထ ဝယ်ယူကာ တိုက်ပွဲဝင်နေပေမယ့် အဖွဲ့အများစုကတော့ လက်နက်ငှားကာ တိုက်ပွဲဝင်နေကြပြီး၊ တချို့တိုက်ပွဲတွေဆို တိုက်နေရင်း ကျည်မလောက်လို့ ပြန်ဆုတ်လာရတဲ့ အခြေနေတွေလည်း  ရှိနေတဲ့အတွက် ခရီးမတွင်ကြဘူးလို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလ ၁၇ ရက်က လုပ်တဲ့ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ပြီး လက်နက်များ တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ - ဇန်နဝါရီလ ၁၇ ရက်က တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ်၃ စစ်ဒေသခွဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲမှာ လက်နက်ပေးအပ်နေတဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10