⁨တိုက်ပွဲဖြစ်နေတဲ့ ဝက်လက်မြို့မှာ ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးမြင့်တက်နေ

⁨တိုက်ပွဲဖြစ်နေတဲ့ ဝက်လက်မြို့မှာ ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးမြင့်တက်နေ

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့မှာ ဇန်နဝါရီလဆန်းပိုင်းက စတင်ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဝက်လက်မြို့လမ်းပိုင်းတွေ ပိတ်ထားရလို့ ကုန်စည်စီးဆင်းမှုပြတ်တောက်ကာ စားသုံးကုန်ပစ္စည်း‌၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ ရှားပါးပြတ်လပ်နေတယ်လို့ ဝက်လက်မြို့ခံတွေထံက သိရပါတယ်။ 

၀က်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကနေစပြီး မြို့အ၀င်အထွက်လမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ယာယီအသုံးပြုခွင့် ပိတ်ထားတာဖြစ်ပါတယ်။

ဝက်လက်မြို့ အဝင်အထွက်လမ်းတွေကို အခုလိုပိတ်ဆို့ထားတာကြောင့် မြို့တွင်းမှာ ကုန်ပစ္စည်းတွေပြတ်လပ်လာပြီး ကုန်ဈေးနှုန်းဟာလည်း အရင်ကရှိနေတဲ့ ဈေးနှုန်းထက် ထက်ဝက်ခန့်ဈေးတက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

"ဆန် ၁ ပြည် ၇ ထောင်ကျော်တယ်။ ဆီက ၁ ပိဿာ ၁၈,၀၀၀၊ ကြက် ၁ တလုံး ၈၀၀၊ ဓာတ်ဆီက ၁ လီတာ ၁ သောင်း၊ ကွမ်းက ၁ရွက်ကို ၃၀၀ နှုန်းဖြစ်နေပြီ၊ အကုန်ငတ်နေပြီ။" လို့ ဝက်လက်မြို့ခံတဦးက ပြောပါတယ်။

လမ်းပိတ်ထားလို့ အနီးအနားရွာတွေက ဈေးသည်တွေ လာမရောင်းတဲ့အတွက် ဟင်းသီးဟင်းရွက်၊ အသားငါးတွေ ၀ယ်မရတော့ဘဲ မြို့တွင်းမှာရှိတဲ့ဈေးဆိုင်တွေလည်း ရောင်းစရာကုန်ပစ္စည်းမရှိလို့ ပိတ်ထားကြတယ်လို့ ပြောပါတယ်။ 

"ဈေးထဲ ဘောလုံးကန်လို့ ရတယ်" လို့ ဝက်လက်မြို့ခံတဦးက ဆိုပါတယ်။

ယခုလက်ရှိမှာ ဝက်လက်မြို့နယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားတာ မရှိတော့ပေမယ့် မြို့နယ်အတွင်းအ၀င်အထွက်လမ်းပိုင်းတွေကို ဆက်လက်ပိတ်ထားသေးပြီး ပြန်ဖွင့်မယ့်အချိန်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

၂၀၂၃ တုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၀က်လက်မြို့အ၀င်အထွက်လမ်းတွေကို ၂၂ ရက်တိတိ ပိတ်ထားခဲ့လို့ အခုလို ကုန်ပစ္စည်းပြတ်လပ်မှုတွေ ကြုံခဲ့ရသေးတယ်လို့ ၀က်လက်မြို့ခံတွေဆီကနေ သိရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဝက်လက်မြို့လူဦးရေဟာ ၁၀,၀၀၀ ကျော်ရှိပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီးတဲ့နောက် ဝက်လက်မြို့လူဦးရေဟာ မူလရှိတဲ့လူဦးရေရဲ့ တဝက်ခန့်သာရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီ ၅ ရက် တနေ့တည်းမှာ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့ပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကထွက်လာပြီး ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာကို စီးနင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်မ ၃၃ လက်အောက် စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံး၊ ၃ ဦး အရှင်ဖမ်းမိထားကာ MA 1 သေနတ် ၅ လက်၊ မြေမြှုပ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Jammer စက် ၁ လုံးနဲ့ ခဲယမ်းပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ 

သတင်း - လကျာ်၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #၀က်လက် #တော်လှန်ရေးတပ် #ကုန်စည် #ပြတ်လပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10