တိုက်ပွဲမဖြစ်ဘဲ ပခုက္ကူ ဖလံအိုရွာကို စစ်အုပ်စုက ပစ်ခတ်မီးရှို့ နေအိမ် ၃၀ ကျော်ပြာကျ

တိုက်ပွဲမဖြစ်ဘဲ ပခုက္ကူ ဖလံအိုရွာကို စစ်အုပ်စုက ပစ်ခတ်မီးရှို့ နေအိမ် ၃၀ ကျော်ပြာကျ

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဇူလိုင် ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော်ပျက်စီးခဲ့သလို အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။

ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁)မှ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၆၀ ခန့်က ဖောကား ၂ စီးနဲ့ ကျေးရွာအနီးကိုရောက်ရှိလာပြီး လက်နက်ငယ်တွေပစ်ခတ်ကာ မီးရှို့သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ထွက်ပြေးတဲ့အခါ ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ခန္ဓာမှာ ကျည်ထိသွားတာ။ သူ့ကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှုပေးထားတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူး" လို့ ပခုက္ကူ PDF မှ ရဲဘော်အမျိုးသမီးတဦးက ပြောပါတယ်။

ဖလံအိုကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး တမခ ၁၀၁နဲ့ ၁ မိုင်ခန့်သာ ကွာဝေးပါတယ်။ နေအိမ်တွေ မီးရှို့ခံရတာကြောင့် ဖလံအိုကျေးရွာက ဒေသခံတွေဟာ ဇူလိုင် ၁၃ ရက်ဒီနေ့ အချိန်ထိ ကျေးရွာထဲကို ပြန်မဝင်ရဲကြတော့ဘဲ မြို့ ပေါ်တွေနဲ့တခြား ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေကြရတာကြောင့် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ PDF ရဲဘော်အမျိုးသမီး ကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်မှာလည်း ဒေသခံတွေ မနေထိုင်တော့တဲ့ ပခုက္ကူမြို့နယ်က မြို့စိုးကျေးရွာကို ကျွန်းချောင်း သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (EPC) ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင် ၁၂ ရက်က စစ်ကောင်စီမီးရှို့သွားသည့် ဖလံအိုကျေးရွာရှိ နေအိမ်များ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ဖလံအို #စစ်ကောင်စီ #မီးရှို့ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10