တိုက်ပွဲမရှိတဲ့ စဉ့်ကူးနယ်၊ လက်ပန်လှရွာကို စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၃ ဦးသေ

တိုက်ပွဲမရှိတဲ့ စဉ့်ကူးနယ်၊ လက်ပန်လှရွာကို စစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၃ ဦးသေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လည်း မရှိသလို တိုက်ပွဲလည်းဖြစ်ပွားတာမရှိတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ် ၂၀ ခန့် ဗုံးကြဲခဲ့တာကြောင့် ရွာခံအမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင် ၃ ရက် မနေ့က ပင်လယ်ကြီးစစ်တပ်ဂိတ်ကို PDF တွေက ဝင်ရောက်တိုက်ခိုက်ချိန် စစ်တပ်က အဲဒီစစ်တပ်ဂိတ်ရဲ့တောင်ဘက် တမိုင်ခန့်ဝေးတဲ့ လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ရာမှာ အမျိုးသမီး ၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေပြုလုပ်ပြီးတဲ့နောက်မှာ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာတွေလည်းပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

မနေ့က ကနဦးတွေ့ရှိချက်အရ အမျိုးသမီးတဦးသာသေဆုံးတယ်လို့ သိထားခဲ့ပေမယ့် လေကြောင်းတိုက်ခိုက်မှု ခဏငြိမ်သွားချိန်မှာ ကူညီရေးအဖွဲ့တွေကနောက်ထပ် သေဆုံးသူအမျိုးသမီး ၂ ဦးထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 

လက်ပန်လှကျေးရွာမှာ ရဲစခန်းတခုရှိသော်လည်း ရဲဝန်ထမ်းတွေ မရှိတာကြောင့် အဲဒီနေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ရန်အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  

"အဲဒီစခန်းက အခွံကြီးပဲရှိတာ။ ရဲစခန်းနောက်ကျောက ခြံစည်းရိုးလည်း မရှိဘူး။ ဘာအကာကွယ်မှ မရှိတဲ့နေရာကို PDF တွေ ဝင်မတိုက်ဘူး။" လို့ လက်ပန်လှရွာခံတဦးက ပြောပါတယ်။

ဒီနေ့မှာ လက်ပန်လှကျေးရွာရဲ့ တောင်ဘက်ရွှေပြည်ကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ၈ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - လေကြောင်းတိုက်ခိုက်မှုခံရသည့် လက်ပန်လှကျေးရွာမှ လူနေအိမ်များ။ 

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စဉ့်ကူး #လက်ပန်လှ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10