တိုက်ပွဲမရှိပဲ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာထဲ တညအိပ်ကာ ချက်ပြုတ်စားသောက်ခဲ့
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မေလ ၈ ရက်နေ့လယ် ၂ နာရီလောက်မှာ မီးရှို့ ပြီး ရွာထဲညအိပ်ကာ ချက်ပြုတ်စားသောက်သွားခဲ့ကြတယ်လို့ ရွှေဘို PDF က ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သား တွေက အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ သရက်ပင်ဝန်း ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ အခုတကြိမ်နဲ့ဆိုရင် ၂ ကြိမ်အထိ မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇၄ လုံးပြာကျ ပျက်စီးသွားခဲ့ရတယ်လို့ Shwe Bo Local People Defense Forceမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ဒီရွာကို စကစတွေဝင်တာက ၃ ကြိမ်ရှိပြီ။ ဇန်နဝါရီလထဲမှာ ပထမအကြိမ်ဝင်လို့ မီးရှို့တယ်။ ဒုတိအကြိမ်တော့ မရှို့ခဲ့ဘူး။ အခုအကြိမ် မှာတော့ မီးရှို့လို့၂၂လုံးပျက်စီးတယ်။ ပြီးတော့ ရွာထဲက ဆိုင်တွေကစားသောက်ကုန်ပစ္စည်းတွေယူပြီး ဘုန်းကြီးကျောင်းထဲမှာ ချက်ပြုတ် စားသောက်တယ်။ ဘုန်းကြီးကျောင်းက မီးစက်ကိုနှိုးပြီး မီးထွန်းပြီးစားသောက်ကြတယ်။ ကျနော်တို့က ဒရုန်းနဲ့ကြည့်လို့မြင်ရတာ"လို့ ဆိုပါတယ်။
အဲ့ဒီ့စစ်ကြောင်းဟာ မေလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ သရက်ပင်ဝန်းကျေးရွာကနေ ၁ မိုင်ခန့်ဝေးတဲ့ မြင်းစီး၊ ပန်းရံ၊ ခွန်တောင်းကြီး စတဲ့ကျူရွာတွေက ကပ်ရပ်ရှိနေတဲ့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းထဲမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ တညအိပ်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာဒေသခံတွေဟာ မိမိတို့ကျေးရွာထဲကို ဒီမနက် ၉ နာရီကျော်လောက်မှာ ပြန်လည်ဝင်ရောက်နေထိုင်ကြရတယ်လို့ သိရပါတယ်။
သရက်ပင်ဝန်းကျေးရွာကို မီးရှို့ထွက်သွားတဲ့ စစ်ကြောင်းဟာ မေလ ၈ ရက် မနက် ၈ နာရီကျော်မှာ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာ၊ အောင်သာရွာ၊ ကုန်းသာရွာတို့ကို လက်နက်ကြီးတွေပစ်ခတ် ဝင်ရောက်စစ်ကြောင်းထိုးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း- ဇို
#မြေလတ်အသံ
Share
Share
Share