တိုက်ပွဲမရှိပဲ အကြောင်းမဲ့ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးမြို့က အမျိုးသမီး တဦးဒဏ်ရာရ

တိုက်ပွဲမရှိပဲ အကြောင်းမဲ့ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးမြို့က အမျိုးသမီး တဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာမှာ မတ်လ ၂၇ ရက်မနေ့ နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်တွေပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံအမျိုးသမီးတဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် မဇူးထန်က နေအိမ်ထဲရှိနေချိန် လက်နက်ကြီးကျည် တလုံးက သူ့အိမ်အနောက်ဖက်ကို ကျရောက်ပေါက်ကွဲရာမှာ ဒဏ်ရာရရှိသွားတာလို့ ရွာခံသားတဦးက ပြောပါတယ်။


"ဒဏ်ရာကတော့ ဘယ်ဖက်ခြေထောက်မှာ ရသွားတာ။ သူမကို ကလေးမြို့ ဆေးရုံကို ပို့လိုက်ရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး" လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ကလေးအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ လုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ပဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးကျည်တွေက သုံး၊ လေးလုံးလောက်ကျ တယ်ဗျ။ အဲဒီထဲကမှ အိမ်ထဲကိုတော့ တလုံးပဲကျတာ။ ကျန်တဲ့အလုံးတွေကတော့ ရွာအပြင်မှာ ကျသွားတာ။ ရွာကလူတွေကတော့ အိမ်တွင်းကနေ အိမ်ပြင်မထွက်ရဲကြတော့ဘူး"လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ စမ်းသပ်ပစ်ခတ်မှုတို့ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့က မြို့နယ်အချို့မှာ အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ မကြာခဏဆိုသလို ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ည ၅ နာရီလောက်မှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း EPC ရုံးဝန်ထမ်းတွေနေထိုင်တဲ့ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ပေါက်တောကျေးရွာမှ မိသားစုဝင် ၄ ဦး ပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ်ဖေဖေါ်ဝါရီလ ၂၁ ရက်ည ၈ နာရီလောက်မှာလည်း ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ကျေးရွာထဲကို စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အသက် ၆၀ နှစ်အရွယ်အဘွားတဦးနဲ့ ၃၀ နှစ်အရွယ်အမျိုးသားတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

 စာတည်း - လင်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10