တိုက်ပွဲမရှိဘဲ စစ်တပ်ကဗုံးကြဲလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါ ၆ ဦးသေဆုံး

တိုက်ပွဲမရှိဘဲ စစ်တပ်ကဗုံးကြဲလို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပိက္ခရားရွာကို စစ်တပ်ကတိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ လာရောက်ပစ်ခတ်တဲ့အတွက် ပြည်သူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၄ ရက် မနေ့ကနေ့လယ် ၁ နာရီဝန်းကျင်က လေယာဉ် ၂ စီးနဲ့လာကာ တစီးကကင်းထောက်ပြီး တစီးက ဗုံးကြဲခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာ နောက်တစီးထပ်လာပြီး စက်လက်တွေနဲ့ ပစ်ခတ်သွားတာရာမှာ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။


“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဘေးက အိမ်တွေကို လေယာဉ်နဲ့ ၃ ခေါက်တိတိ လာပစ်တာဆိုတော့ ပဇီကြီးလိုပဲလို့ ပြောလို့ရတယ်၊ ပထမတခေါက်လာကြဲတုန်းက ထွက်ပြေးတဲ့သူတွေက နောက်တခေါက်လာပစ်တဲ့ချိန်မှာ လွတ်သွားတာမျိုး၊ ဗုံးက တလုံးပဲချလို့ ဒီလောက်အသေပျောက်နည်းတာ၊ ပြီးတော့ ဂျက်ဖိုက်တာနဲ့ကြဲတယ်၊ သေတာက ကလေးပါမယ်၊ အဖွားအရွယ်ပါမယ်၊ လူလတ်ပိုင်းတွေ ပါမယ်၊ အရွယ်စုံတယ်ဗျ။”လို့ မင်းကင်းတပ်ရင်း - ၅ မှ ရဲဘော်အိုင်အိုက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးကာ၊ ၃ ဦးကတော့ ဒဏ်ရာတွေနဲ့နောက်မှ သေဆုံးခဲ့ကာ စိုးရိမ်ရတဲ့ဒဏ်ရာရ ပြည်သူ ၁၅ ဦးလည်း ရှိနေတယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေလည်း ပါဝင်နေပြီး နာမည်နဲ့ အချက်လက်အသေးစိတ်ကတော့ ကျန်ရစ်မိသားစုရဲ့လုံခြုံရေးကြောင့် ထုတ်ဖော်ပြောကြားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ ပိက္ခရားရွာနဲ့ မီတာ ၁၀၀ အကွာမှာ ပျူစောထီးရွာဖြစ်တဲ့ မအူရွာရှိပြီး အဆိုပါရွာကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်တဲ့အတွက် နီးစပ်ရာရွာတွေကို ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့လည်း ရဲဘော်အိုင်အိုက ခန့်မှန်းပြောဆိုထားပါတယ်။

အခုနောက်ပိုင်းမှာ စစ်တပ်က စစ်ကိုင်းနယ်ထဲက ကျေးရွာတွေကို မြေပြင်စစ်ကြောင်း ထိုးတာတွေအပြင် လေကြောင်းနဲ့ပါ အကြောင်းမဲ့ပစ်ခတ်တာတွေလုပ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဒေသခံတွေ စုဝေးမှုရှိနေတဲ့နေရာကို စစ်တပ်က ရဟက်ယာဥ်သုံး ဗုံးကြဲတိုက်တိုက်ခဲ့ရာ ဒေသခံ ရာကျော် ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10