တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ

တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွေမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒေသခံထောင်ချီပြောင်းရွှေ့နေကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

ထန်းတပင်မြို့နယ်နဲ့ သံတောင်ကြီးမြို့နယ်အစပ်ကျေးရွာတွေဘက်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအကြီးအကျယ်ဖြစ်လာနိုင်တာကြောင့် ကျေးရွာကနေပြောင်းရွှေ့ကြဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်ကစပြီး ဒေသခံတွေ ပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

"ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက လိုက်ပြောတယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းထားကြဖို့ လိုက်ပြောတယ်လို့ သတင်းထွက်လာပြီး မနေရဲတဲ့သူတွေက ပြောင်းရွှေ့လာကြတယ်။ ဘယ်ဘက်က လာပြောလဲဆိုတာကတော့ အရပ်ဝတ် လက်နက်ကိုင်တွေကလာပြောတာပဲ ပြောတယ်။ ဘယ်ဘက်ကမှန်း မသိကြဘူး"လို့ စစ်ရှောင်အရေး ကူညီနေသူတဦးက ပြောပါတယ်။

သံတောင်ကြီးမြို့နယ်ထဲက သပြေညွန့်ရွာ၊ ထန်းတပင်မြို့နယ်ထဲက ဆင်ဆိပ်ကြီး၊ တောပု၊ မီးကျောင်းခေါင်း၊ ဘုရားကုန်း၊ ရွာလေးကုန်း အပါအဝင် ကျေးရွာ ၁၀ ခန့်က ဒေသခံထောင်ချီဟာ ဘေးလွတ်ရာကျေးရွာ၊ ဇရပ်ကြီးမြို့နဲ့ တောင်ငူမြို့ပေါ်တွေကို ပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာတွေမှာ လက်ရှိအချိန်ထိ မပြောင်းရွှေ့သေးသူတွေလည်းရှိနေပြီး ပြောင်းရွှေ့လာသူ အများစုကတော့ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။ 

အဆိုပါဒေသရှိကျေးရွာတွေမှာ စစ်ကောင်စီတပ်၊ KNLA နဲ့ PDF အဖွဲ့တွေက လှုပ်ရှားသွားလာလေ့ရှိပြီး အားလုံးက အရပ်ဝတ်၊ လက်နက်ကိုင်ဆောင်ပြီး သွားလာနေကြတာလို့ ဆိုပါတယ်။

လက်တလောမှာလည်း နေ့စဥ်နီးပါးဆိုသလို အဲ့ဒီကျေးရွာတွေအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရပြီး တိုက်ပွဲငယ်အချို့ဖြစ်ပွားနေတယ်လို့သာ သိကြရကာ အသေးစိတ် အခြေနေကိုတော့ မသိကြရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ရဲစခန်း၊ တပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ၂ ရက်ဆက်ဖြစ်ခဲ့လို့ ဒေသခံသောင်းချီ ရွှေ့ပြောင်းထွက်ပြေးခဲ့ရပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #သံတောင် #တိုက်ပွဲ #ဒေသခံ #ထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10