တိုက်ပွဲအတွင်း တိုက်နယ်စွန်အဖွဲ့က ရဲဘော် ၂ ဦးသေဆုံး

တိုက်ပွဲအတွင်း တိုက်နယ်စွန်အဖွဲ့က ရဲဘော် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက္ကားရွာအနီးမှာ သြဂုတ် ၁၉ ရက် မနေ့မနက် ၆ နာရီလောက်က ဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲမှာ တိုက်နယ်စွန်အဖွဲ့က ရဲဘော် ၂ ဦးသေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။ 

အသက် ၂၂ နှစ်အရွယ် ရဲဘော်နိုင်လင်းထက်နဲ့  ၂၈ နှစ်အရွယ် ရဲဘော်ချစ်မိုးတို့ သေဆုံးခဲ့တာပါ။ ရဲဘော် နိုင်လင်းထက် က တိုက်ပွဲအတွင်း လက်နက်ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး ရဲဘော်ချစ်မိုးကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးနောက်မှာ အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

“စစ်ကောင်စီပစ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီးကျည်က ရဲဘော်အနားကျပြီး ထိမှန်သွားတယ်၊ သူ့ကို မနက် ၇ နာရီခွဲမှာဆေးခန်းကို ပို့ဆောင်ပြီးတော့ ခွဲစိတ်ကုသပေမယ့် ညနေ ၄ နာရီ ၃၇ မိနစ်မှာ ရဲဘော်က သေဆုံးခဲ့တယ်” လို့ တိုက်နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက်က ပြောပါတယ်။

ရဲဘော် ချစ်မိုးရဲ့ အလောင်းကိုတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးဝင်ချိန် သြဂုတ် ၂၀ ရက်ဒီမနက်မှ ပေါက္ကားရွာအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းတွေကိုတော့ သင်္ဂြိုဟ်ပြီးပြီလို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကြောင်းဟာ နုံးတွင်းရွာဘက်က စစ်ကြောင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သား ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အတိအကျမသိရသေးဘူးလို့ တာဝန်ခံစွန်နက်က ပြောပါတယ်။ 

ပေါက္ကားကျေးရွာသားတွေလည်း ရွာကနေထွက်ပြေးနေကြရပြီး စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထွက်ချိန်မှာလည်း ရွာသား ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #တိုက်ပွဲ #စစ်ကောင်စီ #PDF #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10