တောကျီးကန်းအဖွဲ့စခန်း ၁ ခု စီးနင်းခံရပြီး ကျပ်သိန်း ၁၅၀ ကျော်ဆုံးရှုံး

တောကျီးကန်းအဖွဲ့စခန်း ၁ ခု စီးနင်းခံရပြီး ကျပ်သိန်း ၁၅၀ ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ တောကျီးကန်းအဖွဲ့စခန်း ၁ ခု စီးနင်းခံရပြီး ကျပ်သိန်း ၁၅၀ ကျော်ဆုံးရှုံးသွားတယ်လို့ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံက သိရပါတယ်။ 

ဩဂုတ်လ ၂၉ ရက် မနက် ၅ နာရီခန့်မှာ ရွှေဘိုမြို့ကနေ ဇီးတောရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ကို တောကျီးကန်းအဖွဲ့က မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်နိုင်ခဲ့ပေမယ့် စခန်းကို စွန့်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။

"ရွာထိပ်မှာ တကြိမ်၊ ဆေးခန်းထဲဝင်ချိန်မှာ ၁ ကြိမ်၊ ၂ ကြိမ်ဆွဲနိုင်ခဲ့တယ်။ သူတို့နဲ့တော့ ပစ်ခတ်တာ မရှိဘူး။ မိုင်းဆွဲပြီး ဆုတ်ခွာခဲ့ကြတော့ စခန်းထဲက ပစ္စည်းတွေ သူတို့သိမ်းသွားတယ်" လို့ တောကျီးကန်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားကာ ထိခိုက်သေဆုံးသူတွေကိုတော့ ရွှေဘိုကို ပြန်သယ်သွားပြီး ကျန်သူတွေကတော့ ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။ 

စခန်းဝင်စီးခံလိုက်ရလို့ ကား ၁ စီး၊ ဆိုင်ကယ်  ၃ စီး၊ လက်လုပ်သေနတ် ၁ လက်၊ မိုင်း ၂ လုံး၊ ယူနီဖောင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ကျပ်သိန်း ၁၅၀ ဆုံးရှုံးခဲ့ပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပတ်ဝန်းကျင်ကို ပစ်ခတ်လို့ ဇီးတောရွာက အသက် ၃၀ နှစ်အရွယ် မမြင့်မြင့်ထွေးရဲ့ ရင်ဘတ်ကို ကျည်ထိခဲ့ပြီး အသက် ၄၀ နှစ်အရွယ် မညိုထွေးရဲ့  ဘယ်ဘက်လက်မောင်း ကျည်ထိ ဒဏ်ရာတွေရခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက ရွာမှာတပ်စွဲထားလို့ ဇီးတောဒေသခံ ၁၅၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ဇီးတောကျေးရွာ #တောကျီးကန်းအဖွဲ့  #စခန်းဝင်စီးခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10