တောင်ကျချောင်းရေနဲ့မျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေဒုစက်ရုံမှူးဟုဆို

တောင်ကျချောင်းရေနဲ့မျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေဒုစက်ရုံမှူးဟုဆို

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာ ဆင်မင်းဘိလပ်မြေစက်ရုံအနီးမှာ အမျိုးသားတဦး တောင်ကျချောင်းရေနဲ့မျောပါပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁ ရက် ညနေ ၆ နာရီကျော်လောက်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး ပရိုဘောက်ကားနဲ့ ကျောက်ဆည်ဘက်ကိုအလာ ချောင်းကိုဖြတ်ကူးချိန် ကားရောလူပါ ရေစီးနဲ့ မျောပါသွားခဲ့တာပါ။ 

မိုးသည်ထန်းစွာရွာသွန်းထားတဲ့အတွက် ချောင်းရေက ၁ ပေကျော်လောက်မြင့်တက်နေချိန် မျောပါသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

မျောပါသွားချိန်ကတည်းက ဒေသလူမှုကူညီရေးအဖွဲ့၊ မီးသတ်နဲ့ဒေသခံတွေက ညတွင်းချင်းရှာဖွေပေမယ့် မတွေ့ရှိဘဲ ဒီမနက် ၁၀ နာရီကျော်လောက်မှ ရေစီးနဲ့မျောပါသွားတဲ့နေရာနဲ့ ၁ မိုင်လောက်အကွာရှိ ချောင်းထဲမှာ ကားရော အလောင်းကိုပါတွေ့ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချယ်နယ်တွေမှာတော့ သေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံက ဒုစက်ရုံမှူး ဦးညီဇော်ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

လက်ရှိမှာ အလောင်းကိုတော့ ကျောက်ဆည်ပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ကျောက်ဆည်မြို့နယ်အတွင်းမှာ လမ်းအချို့က ချောင်းတွေကနေဖြတ်သန်းသွားလာရတာကြောင့် မိုးရာသီ ရောက်တိုင်း ကျွဲ၊ နွား တိရစ္ဆာန်တွေအပြင် ဆိုင်ကယ်နဲ့လာသူတွေလည်း ရေစီးနဲ့မျောပါတာတွေရှိတတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ကျောက်ဆည် #ချောင်းရေမျောပါ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10