တောင်ခင်ရန်းမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

တောင်ခင်ရန်းမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ကောင်စီစစ်ကြောင်းက ပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်း အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းက မြောက်ခင်ရန်းရွာကနေထွက်လာကာ အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မြောက်ခင်ရန်းရွာနဲ့ ၃ မိုင်ကျော်ဝေးတဲ့ တောင်ခင်ရန်းရွာထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျရောက်ပေါက်ကွဲခဲ့တဲ့ ၁၂၀ မမ လက်နက်ကြီးစဟာ တောင်ခင်ရန်းရွာက အသက် ၇၀ ဝန်းကျင် ဦးဝင်းလွင်ရဲ့ ခြေထောက်ကိုထိမှန်ပြီးနောက် ရုတ်တရက်သေဆုံးခဲ့တာဖြစ်ပြီး ဒီသေဆုံးမှုဟာ အထိတ်လန့်လွန်ကာ နှလုံးရပ်သေဆုံးတာဖြစ်နိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူက ခန့်မှန်းပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းမှာ ကလေးတောင်ပိုင်းက လယ်ကြီး၊ ဝင်ဝ၊ ကျောက်ပြုတ်၊ ကြံသာစတဲ့ ပျူစောထီးရွာက တပ်ဖွဲ့ဝင်တွေပါဝင်ပြီး အခုဒီဇင်ဘာလအတွင်း တောင်ခင်ရန်းနယ်တဝိုက်ကို စစ်ကြောင်းထိုးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ဒုရဲအုပ် ၁ ယောက်စီချထားတာရှိတယ်၊ ပျူကြီးကြပ်ပေါ့၊ အဲ့ဒုရဲအုပ်က ကလေးနယ်ဘက်ကနေ ပို့ထားတာ၊ သူတို့လစာမရတာ ၄ လရှိသွားပြီ၊ တောင်ခင်ရန်းထိ စစ်ကြောင်းမထိုးနိုင်လို့ ဆိုပြီးမှ လစာမပေးဘဲ ထားတာ၊ အဲ့ဒါ တောင်ခင်ရန်းရွာထိ သူတို့ စစ်ကြောင်းထိုးကို ထိုးရမှာ။”လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ လက်ရှိ သင်တောရွာအနီးက အာရှကားလမ်းမကြီးဘေးတွေမှာ နေရာယူထားပြီး ဒီဇင်ဘာ ၁ ရက်ကလည်း သင်တောရွာအနီးထိ စစ်ကြောင်းထွက်ခဲ့ပြီးမှ ပြန်လှည့်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့လယ်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ မြို့အရှေ့ဘက်ရှိ ကက္ကိုကုန်းရွာကို ကျရောက်ပေါက်ကွဲချိန် အသက် ၆၀ အရွယ်ဒေသခံအမျိုးသား ၁ ဦး ထိတ်လန့်လွန်ပြီးနှလုံးရပ်သေဆုံးခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #လက်နက်ကြီး #သေဆုံး 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10