တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ  ၉ ဦး PDF တပ်ရင်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်သွားမယ်လို့ဆို

တောင်ငူထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ ဦး PDF တပ်ရင်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်သွားမယ်လို့ဆို

ပဲခူးတိုင်းရှိ တောင်ငူအကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ ၉ ဦးဟာ PDF တပ်ရင်းတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ၉ ဦးစလုံးဟာ မူလကပင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး လက်ရှိရောက်ရှိနေတဲ့ တောင်ငူခရိုင်အတွင်းက လွတ်မြောက်နယ်မြေတခုကနေ တာဝန်ပြန်ထမ်းဆောင်ဖို့ပြင်ဆင်နေပြီလို့  PDF မြေပြင်တပ်ဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

"လက်ရှိကတော့ သူတို့လုံခြုံတယ်။ နယ်မြေခံအဖွဲ့တွေနဲ့အတူတူရှိနေကြတယ်။ ကျန်းမာရေးလည်းကောင်းကြတယ်။ သူတို့က မူလကလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဖြစ်လို့ တာဝန်တွေကို ပြန်ထမ်းဆောင်တော့မှာပါ။ နောက်ဆက်တွဲအခြေနေတွေကတော့ အခါအခွင့်သင့်ရင် ပြည်သူတွေသိအောင် အသေးစိတ်ဖော်ပြပေးသွားမှာပါ" လို့ ပြောပါတယ်။

မေလ ၁၈ ရက် နေ့လည် ၂ နာရီ ၅၅ မိနစ်ခန့်မှာ  တောင်ငူအကျဥ်းထောင် အထူးတရားရုံးမှာ အကျဥ်းသားတွေကိုရုံးထုတ်ချိန် နိုင်ငံရေးအကျဥ်းသား ၁၂ ဦးက အစောင့်တွေထံကနေ သေနတ်လုယူပစ်ခတ်ထွက်ပြေးရာ ၉ ဦးကသေနတ် ၄ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပြီး ၃ ဦးက ပြန်လည်ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

အကျဥ်းသားတွေက ထောင်တွင်းကနေ သေနတ်လုပစ်ခတ်ထွက်ပြေးချိန် လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တဦးကို ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သလို ပျူစောထီးအဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့နဲ့အတူ ကာဘိုင် ၁ လက်၊  MA 11 ၁ လက်၊  ခြောက်လုံးပြူး ၁ လက်၊  G 3 ၁ လက်တို့ကို ယူဆောင်ထွက်ပြေးသွားနိုင်ခဲ့တာပါ။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ စစ်ကောင်စီဘက်က အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထားတဲ့ သန့်ဇင်၊ အောင်ကျော်ဦး၊ ဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ မခင်မျိုးကြည် တို့ဖြစ်ပြီး သူတို့အားလုံးဟာ ဖမ်းဆီးမခံရခင်က PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူတွေထဲက ကိုသီဟအောင်(ခ)ကြံရွက်ရဲ့ မိခင်ဖြစ်သူကို  ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မေလ ၁၈ ရက်ညပိုင်းမှာဘဲ တောင်ငူမြို့နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး မေလ ၂၅ ရက် ဒီကနေ့ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#တောင်ငူထောင် #ထွက်ပြေးလွတ်မြောက် #PDF  #အထူးတပ်ဖွဲ့ဝင် #တာဝန်ထမ်းဆောင် #လွတ်မြောက်နယ်မြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10