တောင်ငူထောင်က နိုင်ကျဉ်းတွေထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ၇ ဦး ထောင်ချခံရပြီး ပြောင်းရွေ့ခံရသူတွေလည်းရှိ

တောင်ငူထောင်က နိုင်ကျဉ်းတွေထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ၇ ဦး ထောင်ချခံရပြီး ပြောင်းရွေ့ခံရသူတွေလည်းရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူထောင်ကနေ ထောင်သားတွေ ထွက်ပြေးလွတ်မြောက်သွားလို့ ထောင်ပိုင်အပါအဝင် ၇ ဦးကို ထောင်ချပြီး ကျန်ဝန်ထမ်းတွေကို အ​ပြောင်းအရွေ့ပြုလုပ်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ထောင်သားတွေ ထွက်ပြေးမှုနဲ့ ထိန်းသိမ်းခံထားရတဲ့ ထောင်ပိုင်ဦးကြည်ဦးကို ထောင်ဒဏ် ၃ လ၊ ထောင်မှူး ဦးသန်းထွန်း၊ ထောင်မှူး ဦးထွန်းထွန်ဦး၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း၊ ဒုတပ်ကြပ် ကိုတိုး၊ တပ်သားခန့်စည်သူ၊ ဖိုးကောက်တို့ ၆ ဦးကို ထောင်ဒဏ် ၆ လဆိုပြီး ဇူလိုင်လ ၁၇ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ထောင်သား ၁၀ ဦးထွက်ပြေးပြီး မကြာဘူး သူတို့ကို တာဝန်ရှိတယ်ဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးခဲ့တဲ့ ရက်ကတော့ ထောင်ချလိုက်တယ်။ ကျန်တဲ့ ဝန်ထမ်းတွေကိုလည်း တာဝန်ပေါ့လျော့မှုနဲ့ နယ်ပြောင်းမယ်လို့ သိရတယ်" လို့ တောင်ငူထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကျန်ရှိ ထောင်ဝန်ထမ်းတွေကိုတော့ ဇူလိုင်လမကုန်ခင် အခြားထောင်တွေနဲ့အကျဥ်းဦးစီးဌာနတွေကို ပြောင်းရွေ့မိန့် ထွက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီ ၅၅ မိနစ်ခန့်မှာ တောင်ငူအကျဥ်းထောင်က  အထူးတရားရုံးမှာ အကျဥ်းသားတွေကို ရုံးထုတ်ချိန် နိုင်ငံရေးအကျဥ်းသား ၁၂ ဦးက အစောင့်တွေဆီကနေ သေနတ်လုယူပစ်ခတ်ထွက်ပြေးရာ ၉ ဦးက သေနတ် ၄ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပြီး ၃ ဦးက ပြန်ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

​အကျဥ်းသားတွေက ထောင်ကနေ သေနတ်လုပစ်ခတ်ထွက်ပြေးချိန် စစ်ကောင်စီပညာရေး(၅ )တပ်မှ တပ်ကြပ်မောင်မျိုး သေဆုံးပြီး ပျူစောထီး ကျော်မြင့်ဆိုသူမှာ ခြေထောက်သေနတ်ထိ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဥ်းသားတွေက ကာဘိုင် ၁ လက်၊  MA 11 ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ G- 3 ၁ လက်တို့ကို ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ 

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ စစ်ကောင်စီဘက်က အကြမ်းဖက်ဥပဒေပုဒ်မတပ်ကာ ဖမ်းဆီးထားတဲ့ သန့်ဇင်၊ အောင်ကျော်ဦး၊ ဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင်ထွန်း၊ စည်သူသန်းအေး၊ မခင်မျိုးကြည်တို့ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူ #အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ထောင်အာဏာပိုင် #ပြစ်ဒဏ်ချမှတ်ခံရ #အကြမ်းဖက်ဥပဒေ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10