တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိ

တောင်ငူထောင်မှ ထွက်ပြေးနေသူတွေထဲက ၉ ဦး လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိ

တောင်ငူအကျဥ်းထောင်ကနေ ထွက်ပြေးနေတဲ့  နိုင်ငံရေးအကျဥ်းသား ၁၀ ဦးအနက် ၉ ဦးဟာ လက်နက်တွေနဲ့အတူ လွတ်မြောက်နယ်မြေရောက်ရှိသွားပြီလို့ ပဲခူးအရှေ့ခြမ်းအခြေပြု PDF တွေဆီကတဆင့် သိရပါတယ်။

မေလ ၁၈ ရက် မနေ့ညပိုင်းမှာပဲ ပဲခူးတိုင်းအတွင်းက PDF တွေထိန်းချုပ်ထားတဲ့နယ်မြေ‌တခုဆီကို ရောက်ရှိလာကြတာဖြစ်တယ်လို့ ပဲခူးအရှေ့ခြမ်းအခြေပြု PDF တပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုပါတယ်။

"အခြေအနေကတော့ ၉ ဦး လုံခြုံတဲ့လွတ်မြောက်နယ်မြေကိုရောက်ပြီဆိုတာ အတည်ပြုပါတယ်။ သူတို့ အခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်နိုင်ဖို့ပဲဖြစ်ဖြစ် အင်တာဗျူးပေးနိုင်ဖို့ပဲဖြစ်ဖြစ် လုပ်ဖို့စီစဥ်နေပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါဦးမယ်” လို့ပြောပါတယ်။

မေလ ၁၈ ရက် မနေ့နေ့လည်ပိုင်းက တောင်ငူအကျဉ်းထောင်မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးဟာ ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်လုယူပစ်ခတ်ထွက်ပြေးလာတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ထွက်ပြေးနေသူတွေထဲက လွတ်မြောက်နယ်မြေကိုရောက်ရှိမလာသူ ၁ ဦးနဲ့ပတ်သက်ပြီးတော့ PDF တွေဘက်က  နောက်မှအသေးစိတ်ထုတ်ပြန်ပေးမယ်လို့ပြောဆိုထားပြီး စစ်ကောင်စီတယ်လီဂရမ်မှာတော့ ပြန်လည်ဖမ်းဆီးရမိသူ ၃ ဦးရှိတယ်လို့ ဖော်ပြထားကာ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

ထွက်ပြေးလွတ်မြောက်လာသူ ၉ ဦးထဲမှာ မတ်လ ၃ ရက်နေ့က အိမ်စီးကားနဲ့လက်နက်တွေသယ်ဆောင်လာစဉ် ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပြီးတောင်ငူထောင်မှာချုပ်နှောင်ခံထားရသူ ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။


စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ
#တောင်ငူထောင် #နိုင်ကျဉ်း #ထွက်ပြေး #လွတ်မြောက်နယ်မြေ #ရောက်ရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10