တောင်ငူနယ်ကရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လူမပေးနိုင်ရင် PDF ရွာသတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ စစ်တပ်ခြိမ်းခြောက်

တောင်ငူနယ်ကရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ဖို့လူမပေးနိုင်ရင် PDF ရွာသတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူးလို့ စစ်တပ်ခြိမ်းခြောက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ တရွာကို လူ ၂၀ ဦးစီပေးရမည်ဖြစ်ကာ မပေးနိုင်ပါက PDF ရွာဟုသတ်မှတ်မှာဖြစ်ပြီး လုံခြုံရေးအတွက်အာမခံချက်မပေးနိုင်ကြောင်း စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၂ နဲ့ ၁၃ ရက်တွေက နေပူကုန်းနဲ့ ကြို့ပင်သာကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာလူကြီးတွေကို တောင်ငူနယ်မြေခံစစ်ကောင်စီတပ်က ခေါ်ယူတွေ့ဆုံပြီး ပြည်သူစစ်ဖွဲ့ဖို့ ပြောဆိုရာမှာ အခုလို ခြိမ်းခြောက်ခဲ့တာလို့ဆိုပါတယ်။

" ကျနော်တို့ဘက်ကတော့ သူတို့ကို အယုံအကြည်မရှိလို့ မဝင်နိုင်ဘူး။ ဒီဘက်ခြမ်းက လူတွေအားလုံးကလည်း ပြည်သူစစ်ထဲဝင်ဖို့ ဘယ်သူမှ လက်မခံကြဘူး။ ဒီထက်ပိုပြီး အတင်းအကြပ်ဖိအားပေးလာရင်တော့ ကျနော်တို့စီစဥ်ထားတာရှိတယ်"လို့ တောင်ငူနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က ပြည်သူစစ်ဖွဲ့ဖို့တွေ့ဆုံခဲ့တဲ့ ကျေးရွာတွေမှာ ယခင်ကရှိခဲ့တဲ့ ကြံခိုင်ရေးပါတီဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေတောင် ပြည်သူ့စစ်ထဲဝင်ဖို့ကို ငြင်းဆိုကြတယ်လို့ဆိုပါတယ်။

ကျေးရွာကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့ဖို့လို့ စစ်ကောင်စီဘက်ကဆိုပေမယ့် စစ်တပ် အင်အားနည်းလာတာကြောင့် တိုက်ပွဲတွေမှာ ပြည်သူ့စစ်တွေကို ထည့်သွင်းစစ်တိုက်ခိုင်းဖို့ထိ လုပ်ဆောင်လာတာလို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။

ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး လူရွေးချယ်ပြီးပါက ကျေးရွာမှာကျန်ရှိတဲ့နေအိမ်တွေက ပြည်သူ့စစ်တွေရဲ့လစာ၊ ရိက္ခာအတွက် တလလျှင် ကျပ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြား လစဥ်ထောက်ပံပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေမှာ ပြည်သူစစ်အဖွဲ့တွေကို အမြန်ဖွဲ့ဖို့ စစ်ကောင်စီအထက်ပိုင်းက ဖိအားပေးလာလို့ အောက်ခြေတပ်ရင်းတွေကနေ သက်ဆိုင်ရာမြို့အလိုက်ကျေးရွာတွေကို ဖိအားပေးနေတာဖြစ်ပြီး  ပဲခူးတိုင်းတခုလုံးမှာလည်း ကျေးရွာပြည်သူ့စစ်တွေဖွဲ့ကို စစ်ကောင်စီကညွှန်ကြားထားတယ်လို့ သိရပါတယ်။

ပုံစာ - ကန့်ဘလူနယ်အတွင်းက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ပြည်သူ့စစ် #ဖွဲ့စည်းရေး #စစ်ကောင်စီတပ် #ကျေးရွာလုံခြုံရေး #ခြိမ်းခြောက်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10