တောင်ငူမှာ ကားတစီး သစ်ပင်ဝင်တိုက်လို့ ၆ ဦးဒဏ်ရာရ

တောင်ငူမှာ ကားတစီး သစ်ပင်ဝင်တိုက်လို့ ၆ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကန်ရိုးရပ်ကွက် သုဿန်အနီးမှာ ကားတစီးအရှိန်လွန်ကာ သစ်ပင်ကိုဝင်တိုက် မိတာကြောင့် ကားပေါ်မှာပါလာသူ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၀ ရက် ည ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်နေ တောင်ငူဘက်ကိုမောင်းလာတဲ့ Honda Fit shuttle အဖြူရောင်ကားတစီးဟာ သုဿန်ရှေ့အရောက်မှာ အရှိန်လွန်ပြီးသစ်ပင်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ကားပေါ်မှာက လူ ၆ ဦးပါတယ်။ စကားပြောရင်းမောင်းလာရာကနေ တိုက်တဲ့နေရာလည်း ရောက်ရော လမ်းဘေးထိုးကျပြီး သစ်ပင်ကိုဝင်တိုက်မိသွားတာ။ အရှိန်များတာလည်းပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် တောင်ငူမြို့  ဖူးငုံကိုရီးယားဘာသာသင်တန်းကျောင်းက အသက် ၂၀ မှ ၃၅ နှစ်ကြား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသူတွေထဲက အမျိုးသား ၂ ဦးမှာ စိုးရိမ်ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ထားရပြီး ကျန်သူတွေကတော့ တောင်ငူဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း  မိုင်တိုင်အမှတ် (၁၅၈/၅) ဖာလုံအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ကား ၅ စီး ဆင့်တိုက်မှုဖြစ်ပြီး ခရီးသည် ၃ ဦးသေဆုံးကာ  ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ကန်ရိုးရပ်ကွက် #ယာဥ်တိုက်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10