တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဌလင်မယားနဲ့ ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဌလင်မယားနဲ့ ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာနဲ့ ကရင်နီကုန်းကျေးရွာချင်းဆက်လမ်းပေါ်မှာ ရပ်/ကျေး ကြံ့ခိုင်ရေးပါတီဥက္ကဌလင်မယားနဲ့ ရာအိမ်မှူး ၁ ဦး စုစုပေါင်း ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံထားရသူတွေဟာ ကရင်နီကုန်းကျေးရွာ အသက် ၅၀ အရွယ် ရာအိမ်မှူး ဦးမျိုးမင်း၊ အဆိုပါကျေးရွာမှာပဲနေထိုင်တဲ့ ကျောက်တိုင်ကျေးရွာအုပ်စု ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးစိုးနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မာထွေးတို့ဖြစ်ပြီး ၎င်းတို့အလောင်းတွေကို အောက်တိုဘာ ၆ ရက် မနေ့မနက်အစောပိုင်းမှာ  ကျေးရွာလမ်းပေါ်မှာ တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

" သူတို့ ၃ ယောက်က ပြည်သူ့စစ်ထဲလည်းပါတယ်လို့ သိရတယ်။ ၃ ယောက်သတ်ခံရတာတော့ သေချာတယ်။ ကျန်အသေးစိတ်ကတော့ သေချာမသိရဘူး။" လို့ တောင်ငူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ၎င်းတို့ ၃ ဦးကို PDF တွေဘက်က အောက်တိုဘာ ၅ ရက် ည ၁၁ နာရီခန့်မှာ နေအိမ်တွေကနေ လက်ပြန်ကြိုးတုပ် ဖမ်းခေါ်သွားပြီးနောက် လမ်းပေါ်မှာ ပစ်သတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ကျေးရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော KNU၊ PDF တပ်ဖွဲ့ဝင်တွေပါ လှုပ်ရှားသွားလာနေတဲ့ဒေသဖြစ်ပြီး အခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး တောင်ငူခရိုင်ပကဖကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဧပြီ ၁၉ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကဲလင်းကုန်းကျေးရွာ၊ ကရင်ချောင်းလမ်းပေါ်မှာ ညအချိန်မတော် ဆိုင်ကယ်နဲ့ပြန်လာတဲ့ ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ကြံ့ခိုင်ရေးပါတီ #ရပ်ကျေးဥက္ကဌ #ရာအိမ်မှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10