တောင်ငူမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေ

တောင်ငူမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီကျော်မှာ ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ငူမြို့နယ် ခလရ ၃၉ တပ်ရင်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာကြောင့် စစ်တပ်က လေကြောင်းသုံးပြီး အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခတ်နေရာမှာ အခုလို ပြည်သူတွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။ 

သေဆုံးသူ ၂ ဦးမှာ သပြေလှကျေးရွာမှာရှိတဲ့ ပုဂ္ဂလိကပိုင် လမ်းခင်းကျောက်ထုတ်လုပ်ရေးကွင်းမှာ နေထိုင်ကြတဲ့ ကိုယ်ဝန်ဆောင် မရှမ်းမနဲ့ ဒေါ်သန်းတင်တို့ ဖြစ်ပါတယ်။

"နေ့စားအလုပ်သမားတွေက ကျောက်ကွင်းမှာ တဲထိုးပြီးနေကြတာ။ အလုပ်သမားတွေ အလုပ်လုပ်နေကြချိန်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ အဲ့ ၂ ယောက်ကပွဲချင်းပြီးသေသွားတာ" လို့ တောင်ငူဒေသခံအမျိုးသားတဦးက ပြောပါ တယ်။

အလားတူ ခလရ ၃၉ တပ်ရင်းထဲကနေလည်း ၁ မိုင်ခန့်ဝေးတဲ့ သပြေလှ၊ ရွာတန်းရှည်၊ စပါးလင်ကုန်း၊ ရေစစ်ကုန်း၊ ကယားပြုံးစတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ညနေ ၄ နာရီကျော်အထိ ပစ်ခတ်နေကြတယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် မြေပြင်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေ တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးကြပေမယ့် တောင်ငူမြို့အနောက်ဘက်မှာရှိတဲ့ ၇ မိုင် စစ်ဆေးဂိတ်က လမ်းကိုပိတ်ထားတာကြောင့် ဒေသခံတွေ ပိတ်မိနေကြတယ်လို့ သူကဆက် ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီခန့်ကစပြီး တောင်ငူမြို့နဲ့ ၄ မိုင်အကွာသာရှိတဲ့ ခလရ ၃၉ တပ်ရင်းကို KNLA ပူးပေါင်းတပ်တွေက လာရောက်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာလည်း ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #စစ်ကောင်စီ #လေယာဥ် #လေကြောင်း #အမျိုးသမီး #ကိုယ်ဝန်ဆောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10