တောင်ငူမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဖွားအို ၁ ဦးဒဏ်ရာရ

တောင်ငူမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဖွားအို ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ၇ မိုင်ကျေးရွာအနီး တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးထိလို့ အဖွားအို ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၇ ရက် ညနေ ၄ နာရီခန့်မှာ ၇ မိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာ အလုပ်ကနေ လမ်းလျှောက်ပြန်လာတဲ့ အသက် ၆၀ အရွယ် ဒေါ်စိန်ညွန့်ကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။

"သူ့မိသားစုလေးယောက်နဲ့အတူ ငှက်ပျောခြံကနေ ၇ မိုင်ရွာကနေအိမ်ကို လမ်းလျှောက်ပြန်လာတာ။ သူက အရှေ့ဆုံးက လမ်းလျှောက်တာဆိုတော့ လက်နက်ကြီးက သူ့အရှေ့လာကျတာ။ သူတယောက်ပဲ ထိသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးအစမှန်လို့ ဒေါ်စိန်ညွန့်မှာ ကျောကုန်း၊ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေရသွားပြီး တောင်ငူဆေးရုံကို တင်ပို့ထားရပါတယ်။

ဒေါ်စိန်ညွန့် လက်နက်ကြီးထိမှန်ချိန်မှာ စစ်ကောင်စီအဖွဲ့ဟာ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာသွားနေတဲ့ ယာဥ်တွေကို ရပ်ခိုင်းထားပြီး တောင်ကုန်းပေါ်ကနေ လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်နေခဲ့တာလို့ ဆိုပါတယ်။

၇ မိုင်ကျေးရွာအနီး တောင်ငူ-လိပ်သိုလမ်းပိုင်းပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ဟာ မကြာခဏဆိုသလို လက်နက်ကြီးတွေ ပစ်ခတ်နေလေ့ရှိတာကြောင့် ခရီးသွားကားတွေဟာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီးမှ ခရီးဆက်သွားရလေ့ရှိတယ်လို့ သိရပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်ကလည်း တောင်ငူမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအနီး အိုလံပစ်ကျောက် ထုတ်လုပ်ငန်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #တောင်ငူ #၇မိုင်ကျေးရွာ #လိပ်သိုလမ်းပိုင်း #စစ်ကောင်စီတပ် #လက်နက်ကြီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10