သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မိုးကောင်းရွာနဲ့ အင်းဝိုင်းရွာအကြား တောင်ငူ-သံတောင်သွားလမ်းပေါ်မှာ သေနတ်ပစ်ခံရလို့ စစ်ကောင်စီလက်အောက် ဒုရဲအုပ် ၁ ဦးသေဆုံးသွားတယ် လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ရှိသူနဲ့ ဒေသခံတချို့ထံက သိရပါတယ်။
မတ် ၂၁ ရက် မနက် ၈ နာရီကျော်မှာ တောင်ငူအမှတ် ၃ ရဲစခန်းကနေ တောင်ငူမြို့ကို ဆိုင်ကယ်စီးနင်းထွက်ခွာလာတဲ့ ရဲ ၂ ဦးကို အထက်ပါလမ်းပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေက စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
" သူတို့ ရဲကို ပစ်သွားတာမှန်တယ်။ ရဲက စာသင်ကျောင်းကိစ္စလာတာ။ သူ့ကို ဖြတ်ပစ်ပြီးတော့ သေနတ်ကိုယူလာတာ အဲဒါကအမှန်ပဲ။ သေတာက ဒုရဲအုပ်လို့သိရတယ်။ အဲ့နေရာက ကျနော်တို့အဖွဲ့တွေသွားလို့မရတဲ့နေရာမျိုး။ အဲဒါကို သွားလုပ်ခဲ့ကြတာ။"လို့ တောင်ငူခရိုင် ၃၅၀၂ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အနောက်မှာ လိုက်ပါစီးနင်းလာတဲ့ ဒုရဲအုပ် ၁ ဦး ပြုတ်ကျသေဆုံးသွားပြီး အဆိုပါဒုရဲအုပ်ထံက ခြောက်လုံးပြူးသေနတ် ၁ လက်သိမ်းဆည်းနိုင်ခဲ့တာကို အတည်ပြုနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက တောင်ငူမြို့နဲ့ ၂ မိုင်ကျော်အကွာ တောင်ငူ-သံတောင်လမ်းပိုင်းပေါ်ရှိ အမှတ် ၃ ရဲစခန်းနဲ့ အမှတ် ၁၁ ရဲတပ်ရင်းအကြားဖြစ်ပြီး အဲဒီလမ်းပိုင်းဟာ စစ်ကောင်စီဘက်က စိုးမိုးထားနိုင်တဲ့လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။
ဒေသသတင်းရင်းမြစ်တဦးကလည်း အဆိုပါလမ်းပိုင်းမှာ ဆိုင်ကယ်စီးရဲ ၂ ဦးပစ်ခတ်ခံရကာ တောင်ငူအမှတ် ၃ ရဲစခန်းက ဒုရဲအုပ် ၁ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး သေဆုံးဒုရဲအုပ်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တောင်ငူမြို့၊ ထီးလှိုင် ၁ ရပ်ကွက်မှာ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တဦးကို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပစ်သတ်လို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
ပုံစာ - တောင်ငူမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း) / ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေးဌာန။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#တောင်ငူ #တောင်ငူသံတောင်လမ်း #ဒုရဲအုပ် #ပစ်ခတ် #သေဆုံး
Share Share Share