တောင်ငူမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံး

တောင်ငူမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတခုဆီက သိရပါတယ်။ 

ဧပြီ ၂၉ ရက်ကနေ မေလ ၁ ရက်အတွင်း အသက် ၃၀ မှ ၆၀ နှစ်အကြား အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး အဲ့ဒီရက်တွေအတွင်း တောင်ငူမြို့နယ်အတွင်းမှာ အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

"အပူဒဏ်ကြောင့်သေသူများလို့ လူသေတွေအတွက် အိမ်မှာအလောင်းထားဖို့ အအေးခေါင်းတွေပါ မရတဲ့ အခြေအနေဖြစ်တယ်။ ဦးနှောက်သွေးကြောပြတ် သေတာများတယ်။ သိရတဲ့တယောက်ဆို အဲကွန်းကားထဲကနေ အပြင်ထွက်လာတာ ခဏလေးပဲ ချက်ချင်းဆုံးသွားတာ"လို့ လူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ တောင်ငူမြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေကဖြစ်ပြီး အဲကွန်းထဲကနေ အပြင်ကို ရုတ်တရက်ထွက်ချိန်၊ အပြင်ကပြန်လာပြီး အဲကွန်း၊ ပန်ကာခံချိန်မူးဝေကာ ခန္ဓာကိုယ်အပူရှိန် မြင့်တက်ချိန်တွေမှာ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အပူရှပ်ဖျားနာတာကြောင့် ဆေးရုံးဆေးခန်းပို့ဆောင်ပေးရသူတွေလည်းရှိပြီး ရက်ပိုင်းအတွင်း ၄၀ ဦးဝန်းကျင်လောက်ရှိတယ်လို့ လူမှုကူညီရေး အသင်းဝင်တဦးက ပြောပါတယ်။

အပူချိန်မြင့်မားနေတဲ့အချိန်မျိုးတွေမှာ အပြင်မထွက်ဖို့၊ အပြင်ထွက်ဖို့လိုအပ်ပါကလည်း နေရောင်ခြည် တိုက်ရိုက်မထိတွေ့နိုင်ဖို့ ထီး၊ ဦးထုပ်ဆောင်းဖို့၊ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစား အရောင်ဖျော့ဖျော့ ဝတ်ဖို့၊ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာ၊ ရေဖျန်းတာတွေမလုပ်ဖို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို နာမကျန်းဖြစ်နေသူတွေကို မကြာခဏစောင့်ကြည့်သတိထားဖို့၊ လေဝင်လေထွက် ကောင်းမွန်တဲ့နေရာတွေမှာ နေထိုင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာနအချို့က အသိပေးထားပါတယ်။ 

ပုံစာ - တောင်ငူမှာ အပူဒဏ်ကြောင့် သေဆုံးသူတဦးကို လူမှုကူညီရေးအသင်းတခုမှ သယ်ယူနေစဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#တောင်ငူ #အပူချိန်မြင့် #ဒေသခံသေဆုံး #သဘာဝဘေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10