တောင်ငူလေတပ်‌ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို

တောင်ငူလေတပ်‌ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့မြောက်ဘက် စစ်ကောင်စီတောင်ငူလေတပ်စခန်းဌာနချုပ်(တလခ) ကို KNLA၊ PDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၂၅ ရက်နဲ့ ၂၇ ရက်တွေမှာ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


Rain Of Fire စစ်ဆင်ရေးအဖြစ် မတ်လ ၂၅ ရက်နေ့မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၂၇ ရက်နေ့မှာ ၄ လုံးနဲ့ ၂ ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရဟတ်ယာဉ် ၁ စီး ထိခိုက်ပျက်စီးသလို စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးတယ်လို့ Bago Region PDF တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

"ပထမရက်မှာ ၄ လုံး သွားပစ်တယ်။ နောက်တရက်မှာ ၄ လုံး သွားထပ်ပစ်တယ်။ တိုက်ခိုက်မှုဖြစ်စဥ်မှာ ထိခိုက်ပျက်စီးသေဆုံးတွေက ထုတ်ပြန်ပေးထားတဲ့အတိုင်းပါပဲ။ အဲဒါကတော့ သေသေချာချာစုံစမ်းပြီး ဖရဲသီးတွေဆီက ရတဲ့အချက်အလက်တွေအရ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေကတော့ ထပ်မသိရသေးဘူး" လို့ ပြောပါတယ်။

မတ်လ ၂၅ ရက်တိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၂ လုံးဟာ လေတပ်လိုင်းခန်းအနီး တောစပ်နဲ့ လေယာဉ်ပြေးလမ်း အနောက်မြောက်တောင့်ဖြူးကန်ဘေးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရပေမယ့် မတ်လ၂၇ ရက် တိုက်ခိုက်မှုမှာတော့ လေတပ်စခန်းအတွင်းက ဗုံးဂိုထောင်၊ ဆီလှောင်ကန်နဲ့ လေယာဉ်ဂို‌ထောင်တွေအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဥ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာလို့ Bago Region PDF က ဆိုပါတယ်။

လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းနဲ့နီးစပ်တဲ့ကျေးရွာတွေနဲ့အနီးတဝိုက်ကို တောနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း မကွေးလေတပ်စခန်းဌာနချုပ်(မလခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခံရလို့ လေတပ်ဝန်းအတွင်းနဲ့ စစ်မှုထမ်းဟောင်းအိမ်ရာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - တောင်ငူလေတပ်ရှိ အထိမ်းအမှတ် လေယာဉ်ရုပ်ထု။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10