တောင်ငူ ခပေါင်းတံတားစစ်ရေးဂိတ် ဗုံးပစ်ခံရ၊ စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

တောင်ငူ ခပေါင်းတံတားစစ်ရေးဂိတ် ဗုံးပစ်ခံရ၊ စစ်တပ်က ပစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနောက်ဘက်အထွက် ခပေါင်းတံတားက စစ်ကောင်စီစစ်ရေးဂိတ် ဗုံးပစ်ခံရပြီး စစ်တပ်က ပတ်ဝန်းကျင်ကို ပြန်လည်ပစ်ခတ်လို့  အမျိုးသား ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီအင်အား ၃၀ ကျော်ခန့် ရှိနေတဲ့ စစ်ဆေးရေးဂိတ် ဗုံးပစ်ခံရတာ ဖြစ်ပါတယ်။ 

"စကစဂိတ်ကို ဗုံးလာပစ်သွားတာလို့ သိရတယ်။ သူတို့တွေ ကံကောင်းသွားတာက ဗုံးက မပေါက်လိုက်ဘူး။ အဲ့ဒါကို သူတို့က အကာရံတွေလုပ်ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာကို ပစ်လိုက်တာ" လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်လို့ ဆိုင်ကယ်မောင်းသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားမှာ လက်မောင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး တောင်ငူဆေးရုံကို ပို့ဆောင်ထားရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဘက်က ဗုံးကိုရှင်းလင်းချိန် ခပေါင်းတံတားကို ပိတ်ထားတာကြောင့် ဒေသခံခရီးသွားကားတွေ တနာရီနီးပါး ပိတ်မိနေခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီဗုံးပစ်တိုက်ခိုက်မှုကိုတော့ တောင်ငူမြို့ပြပြောက်ကျားတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်ညကလည်း တောင်ငူမြို့၊ မိုင်ဒါကွင်းအရှေ့ဖက် မိတ္တဗလလမ်း (မာစတာကော်ဖီလမ်း)မှာ မိုင်း ၂ ကြိမ် ကွဲရာမှာ လာစစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး မိုင်းထိလို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပုံစာ- ခပေါင်းတံတားစစ်ဆေးရေးဂိတ်တွင် ကားများပိတ်မိနေပုံ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့ #ခပေါင်းတံတား #စစ်ကောင်စီ #စစ်ရေးဂိတ် #ဗုံး #စစ်တပ် #ပစ်ခတ် #ပြည်သူ #ထိခိုက်ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10