တောင်တွင်းကြီးက ဒလန်ဆိုသူကို တော်လှန်ရေးသမားအယောင်ဆောင်ခိုင်းဖို့ စစ်ကောင်စီကြိုးပမ်း

တောင်တွင်းကြီးက ဒလန်ဆိုသူကို တော်လှန်ရေးသမားအယောင်ဆောင်ခိုင်းဖို့ စစ်ကောင်စီကြိုးပမ်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ပေါ်က စစ်ကောင်စီသတင်းပေးတဦးကို PDF တွေအတွက် ထောက်ပို့လုပ်ပေးနေတဲ့သူတဦးအဖြစ် စစ်တပ်က ဝါဒဖြန့်ကာ တော်လှန်ရေးသမားအယောင်ဆောင်ခိုင်းဖို့ ကြိုးပမ်းနေတယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲ အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် Ba Nyunt (ဘညွန့်) တယ်လီဂရန်အကောင့်တွင် တောင်တွင်းကြီးမြို့မှ ထက်အောင်(ခ) ထက်သူရဟာ အကြမ်းဖက်လူသတ်အဖွဲ့အစည်းတွေဖြစ်တဲ့ ရွှေဘိုခရိုင်တပ်ရင်း - ၁၄၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီညီနောင်တပ်ဖွဲ့တို့ကို ထောက်ပို့ပေးနေသူဖြစ်ကြောင်း K-pay ဖုန်းနံပါတ်အကောင့်နဲ့တကွဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

အခုလို ဖော်ပြထားတဲ့ ထက်အောင်(ခ)ထက်သူရဟာ တော်လှန်ရေးအစပိုင်းကတည်းက စစ်ကောင်စီထောက်တိုင်တဦးဖြစ်ပြီး တောင်တွင်းကြီးက ဗိုလ်မှူးသက်ခိုင်ထွန်းရဲ့ လူယုံဖြစ်သလို စရဖ ရဲ့ သတင်းပေးလုပ်နေသူလည်းဖြစ်တယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲ တာဝန်ခံက ဆိုပါတယ်။ 

“သူ့ကို ဒီကနေ့အထိ စောင့်ကြည့်နေတာမှာ သူ့ကို ဖမ်းဆီးပြီး စစ်ဆေးတာမျိုးတွေမရှိပါဘူး။ မြို့ထဲမှာ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေတာ တွေ့ပါတယ်။ သူ့ရဲ့လိပ်စာကတော့ အမှတ် ၇ လေ့ကျင့်ရေးတပ်ရဲ့ မိန်း‌အပေါက် မျက်နှာချင်းဆိုင်မှာ သူ့မိသားစုလိုက်နေတယ်။ မြို့ထဲကိုလာရင်တော့ စရဖ ရုံးထဲမှာနေတယ်” လို့ သူက ဆက်ပြောပါတယ်။

ထက်အောင် (ခ) ထက်သူရဟာ ဝောာ်လှန်ရေးအစက စရဖ ထံကို CDM စာရင်းတွေပေးတာ၊ ဇွန်လထဲက ပန်းသပိတ်မှာ ပါဝင်တဲ့ လုပ်ငန်းရှင် ၂ ဦးဖမ်းဆီးခံရတာတွေဟာ သူနဲ့ဆက်စပ်နေပြီး စစ်ကြောရေးမှာလည်း အဖမ်းအဆီးခံရသူတွေကို စစ်တာမှာလည်း သူပါတယ်လို့ စစ်ဆေးခံရတဲ့သူတွေထံက သိရပါတယ်။ 

သူ့ကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့သူအဖြစ် ဖော်ပြထားတာဟာ အလိမ်အညာတခုသာဖြစ်ပြီး တောင်တွင်းကြီးမြို့ပေါ်နေ ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ လိုတယ်လို့ မကွေးခရိုင်အမှတ် ၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲ တာဝန်ခံက ဆိုပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #တောင်တွင်းကြီး #စစ်ကောင်စီသတင်းပေး #စစ်တပ် #PDF #ဒလန်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10