တောင်တွင်းကြီးမှာ တောင်ကျချောင်းရေကြောင့် လူ ၁ ဦးသေဆုံးပြီး ရပ်ကွက် ၆ ခုမှာ ရေဝင်ရောက်

တောင်တွင်းကြီးမှာ တောင်ကျချောင်းရေကြောင့် လူ ၁ ဦးသေဆုံးပြီး ရပ်ကွက် ၆ ခုမှာ ရေဝင်ရောက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာ ၂၈ ရက်မှာ မိုးသည်းထန်စွာရွာသွန်းလို့  တောင်ကျရေစီးမှုကြောင့် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားနေပြီး လူတဦးသေဆုံးခဲ့ကာ ရပ်ကွက် ၆ ခုက နေအိမ် ၃၀၀၀ ကျော်မှာ ရေဝင်ရောက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ရေကြီး၊ရေလျှံမှုဖြစ်ပွားနေစဉ် စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ ရွှေကြာအင်း ၁ ရပ်ကွက်နေ အသက် ၇၂ နှစ်အရွယ် ဦးဟန်အေးဟာ တောင်တွင်း-မကွေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဥ် ဖောင်တော်ဦးလမ်းအနီး ရေမြောင်းအတွင်း  ဆိုင်ကယ်နဲ့အတူ ပြုတ်ကျသေဆုံးခဲ့တာပါ။

"ပုံမှန်ရေကြီးရင် အလွန်ဆုံး ၂ ပေလောက်ပဲ။ ၅ ပေလောက်အထိ ရေတက်လာတာ။ နှစ်ပေါင်း ၆၀ လောက်မှာ အဆိုးဆုံးရေကြီးမှုပဲ။ သေဆုံးသူအလောင်းတော့ ပြန်ရပြီ"လို့ ဒေသခံတဦးက မြေလတ်အသံ ပြောပါတယ်။

ရေကြီးမှုကြောင့် တောင်ပြင် ၁ ရပ်ကွက်၊၂ ရပ်ကွက်၊ အုန်းတော ၁ ရပ်ကွက်၊ ၂ ရပ်ကွက်တို့မှာ ရေကြီးမှု အဆိုးဆုံးဖြစ်ပေါ်ခဲ့ပြီး ရွှေကြာအင်း ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်တွေမှာလည်း နေအိမ်အတွင်း ရေဝင်မှုတွေဖြစ်ပေါ်ခဲ့ကာ အဆိုပါ ရပ်ကွက် ၆ ခု အတွင်း နေအိမ်၊ စျေးဆိုင်နဲ့ ကုန်တိုက်တွေရဲ့ပစ္စည်းပျက်စီးဆုံးရှုံးမှုဟာ ကျပ်သိန်းပေါင်းသောင်းချီရှိတယ်လို့လည်း မြို့ခံတွေထံက သိရပါတယ်။

အခုလို ရေကြီးမှုမျိုး အဆိုးဝါးဆုံးဖြစ်လာတာဟာ ချောင်း၊ မြောင်းတွေမှာ အမှိုက်တွေပိတ်ဆို့နေတာ၊ ရေမြောင်းတွေပေါ်ကိုပိတ်ဆို့ပြီး အဆောက်အဦဆောက်တာတွေနဲ့ ချောင်းမြောင်းတွေက တူးဖော်ခြင်းမရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက သုံးသပ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာတော့ တောင်တွင်းကြီးမြို့ပေါ်မှာ ရေပြန်လည်ကျဆင်းနေပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ၃ ပေခန့်ရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #မကွေး #တောင်တွင်းကြီး #ရေကြီးရေလျှံမှု #လူသေဆုံး #နေအိမ်၃၀၀၀ #ရေဝင်ရောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10