တောင်သာမြို့နယ်မှာ ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

တောင်သာမြို့နယ်မှာ ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ချောင်းနားကျေးရွာအဝင်လမ်းမှာ ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက ရပါတယ်။

ဇန်နဝါရီ ၄ ရက် မနေ့ကနေ့လယ် ၂ နာရီခန့်မှာ ချောင်းနားကျေးရွာရာအိမ်မှူး ဦးစန်းလွင် ၆၄ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်မာမာအေး ၄၈ နှစ်တို့ ၂ ဦးဟာ ဆိုင်ကယ်နဲ့ရွာထဲကိုပြန်လာစဥ် ရွာအပြင်မှာ လက်နက်ကိုင်လူတစုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သိရသလောက် သူတို့လင်မယား စိုက်ခင်းထဲက ပြန်လာတာကို ရွာထိပ်မှာ စောင့်ပြီးပစ်သွားတာ။ သူ့မိန်းမကိုတော့ ဘာမှမလုပ်ခဲ့ကြဘူး။ "လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးစန်းလွင်မှာ ဦးခေါင်းနဲ့ ရင်ဘတ်နံစောင်းကို ကျည်ထိမှန်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရှိရသေးပါဘူး။ 

ဦးစန်းလွင်ကို စစ်ကောင်စီက ရာအိမ်မှူးအဖြစ် ခန့်ထားတာဖြစ်သလို စစ်ကောင်စီခိုင်းသမျှကိုလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ လိုက်ပါလုပ်ဆောင်သူတဦး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၂ နာရီလောက်အကြာမှာ စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ပြီး  အလောင်းကို တောင်သာမြို့နယ် ပြည်သူ့ဆေးရုံကိုသယ်သွားကြတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာက ပျူစောထီး ခေါင်းဆောင်တဦးရဲ့ နေအိမ်ကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်စီးနင်းရာ ပျူစောထီးတဦး သေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #စစ်ကောင်စီ #ရာအိမ်မှူး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10