သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခံရလို့ နေအိမ် ၅ လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ညောင်ချောင်းကျေးရွာကို စစ်ကောင်စီဘက်က Y-12 လေယာဉ်နဲ့ကင်းထောက်ပြီးနောက် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။
"ပထမ Y 12 နဲ့ကင်းထောက်လုပ်တယ်။ ဒုတိယ ဖိုက်တာနဲ့ လာကြဲတာပဲ။ ဖိုက်တာကတော့ လုံးဝပျံဝဲတာမရှိဘဲ တိုက်ရိုက်ကြဲချတယ်။ နေအိမ်တလုံးရဲ့ရှေ့ တလင်းဝိုင်းထဲကျတယ်။ အဲဒီအိမ်က တော်တော်ပျက်စီးတယ်။ အိမ်နီးချင်းအိမ်ကတော့ နံရံတွေပွင့်ထွက်ကုန်တယ်။ အခြားအိမ်တွေက သွပ်လန်သွားတာတွေရှိတယ်ဗျ။"လို့ ဒေသခံတဦးက ပြောပါတယ်။
ဂျက်ဖိုက်တာနဲ့ဗုံးကြဲခံရလို့ ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးမှုများပြီး ၃ လုံးကတော့ အမိုးလန်ပျက်စီးသွားကာ ခွေး ၂ ကောင်သေဆုံးသွားခဲ့ပေမယ့် ရွာခံတွေကတော့ Y-12 လေယာဉ်လာပတ်စဉ်ကတည်းက နေအိမ်ဝန်းထဲက ဗုံးခိုကျင်းတွေမှာ ဝင်ရောက်ပုန်းခိုနိုင်လိုက်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ညောင်ချောင်းကျေးရွာဟာ အိမ်ခြေ ၁၂၀ ခန့်၊ လူဦးရေ ၆၀၀ ခန့်ရှိကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်တာမရှိဘဲ ရွာခံတွေသာရှိပြီး လေကြောင်းကနေဗုံးကြဲခံရပြီးချိန် ကြောက်လန့်နေတဲ့ရွာခံအချို့ ရွာအနီးက လယ်တောတွေထဲ ပြောင်းရွှေ့နေထိုင်ကြတာ ရှိခဲ့သလို ရွာထဲမှာပဲ ပုံမှန်နေထိုင်နေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်ကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှာ လေကြောင်းနဲ့ပစ်ခံရလို့စစ်တပ်က ဗိုလ်မှူးကြီးအငြိမ်းစားမိသာစုဝင် နေအိမ်အပါ ၄ လုံးထိခိုက်ပျက်စီးခဲ့သလို သံဃာ ၁ ပါးနဲ့အမျိုးသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မန္တလေးတိုင်း #တောင်သာ #ညောင်ချောင်းကျေးရွာ #ဂျက်ဖိုက်တာ #ဗုံးကြဲ
Share Share Share